ရှေးမွန် ကျောက်စာပါ သမိုင်း အထောက်အထားများ *
*မွန်သမိုင်း*
Tuesday, August 9, 2011
Tuesday, June 28, 2011
Saturday, June 18, 2011
Monday, May 30, 2011
Saturday, May 7, 2011
ကိလေသာ နှင့် ပယ်သတ်နည်း
တထောင့်ငါးရာ ကိလေသာတွေဟာ ဘယ်မှာကိန်းအောင်းပါသလဲ ဆိုရင် ခန္ဓာအစဉ်မှာ ကိန်းအောင်နေပါတယ်။
ခန္ဒာအစဉ်ဆိုတာကို အနည်းငယ်ချဲ့ပြီး ပြောပြပါဦးမယ်။
လောကမှာ ပညတ်တရား, ပရမတ်တရားလို့ တရားနှစ်မျိုးရှိတယ်။ ပညတ်တရားဆိုတာ လူတယောက်နဲ့တယောက် စကားပြောကြတဲ့အခါ နားလည်လွယ်အောင် စကားပြောလို့ဖြစ်အောင် ရှေးပညာရှင်ကြီးများ တင်စားခေါ်ဝေါ်ထားတဲ့ ယောက်ျား, မိန်းမ, လူ, နတ် ဆိုတဲ့ အမည်နာမတွေဟာ ပညတ်တွေပဲ။ ပုထုဇဉ်မှန်သမျှ ပညတ်ကိုသာ သိတယ်။ ပညတ်ကို ဖောက်ခွဲပြီး ပရမတ်ကို မသိကြဘူး။ ပရမတ်ကို မသိကြလို့ လူကို လူလို့ထင်တယ်။ ခွေး, နွား, ကြက်, ၀က်-ကို ခွေး, နွား, ကြက်, ၀က်-လို့ပဲထင်တယ်။ မိန်းမကို မိန်းမလို့ ထင်ပြီး ယောက်ျားကို ယောက်ျားလို့ ထင်ကြတယ်။
ပညတ်ဆိုတာ တင်စားထားတာ။ တကယ်စစ်မှန်တဲ့ ပရမတ်မဟုတ်ဘူး။ ဒါကြောင့် ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် စတဲ့ ပညတ်တို့ရဲ့ အမှန်ရှိတဲ့တရားကို ကြည့်လိုက်တော့ ရုပ်တရားနှင့် နာမ်တရားသာ ရှိတယ်။ ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် ဆိုတာက တင်စားထားတဲ့ ပညတ်။ အမှန်တရား မဟုတ်ဘူး။ အမှန်တရားက ရုပ်တရားနှင့် နာမ်တရားပဲ။ အဲဒီ ရုပ်တရားနှင့် နာမ်တရားကတော့ မြဲမြံခိုင်ခံ့တည်တံ့တဲ့ တရားတွေလားဆိုတော့ အဖြစ်နှင့်အပျက် (ဖြစ်ပြီးလျှင် ပျက်၊ ပျက်ပြီးလျှင် ဖြစ်) တဲ့ ခန္ဓာအစဉ်မျှသာဖြစ်တယ်။
မြဲမြံခိုင်ခံ့တည်တံ့တဲ့တရား တခုမျှမဟုတ်ဘူး။ မိမိတို့သန္တာန်မှာ ဖြစ်ပွားနေကြတဲ့ တထောင့်ငါးရာ ကိလေသာတွေဟာ အဲဓီခန္ဓာအစဉ်မှာ ကိန်းအောင်ကြတယ်။ ကိလေသာကိန်းအောင်းတာက သုံးမျိုးရှိတယ်။
အဲဒီကိလေသာသုံးမျိုးကို-
၁။ အနုသယ ကိလေသာ
၂။ ပရိယုဋ္ဌာန ကိလေသာ
၃။ ၀ီတိက္ကမ ကိလေသာ-လို့ခေါ်တယ်။
၁။ အနုသယ ကိလေသာ-ဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။
၂။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။
အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။
၃။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။
ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်။
ဒီကိလေသာတွေကုန်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတော့ အတိုချုပ်အားဖြင့် ၀ိပဿနာရှုရမှာပါ။ ၀ိပဿနာရှုတယ်ဆိုတာ ပညတ်အပေါ် ရှုလို့မရဘူး။ ပရမတ်အပေါ်မှာ ရှုရတယ်။ ပညတ်က မျက်စိနှင့်မြင်ကောင်းတယ်။ ရုပ်နာမ်ဆိုတဲ့ ပရမတ်ကတော့ မျက်စိနှင့် မမြင်ရဘူး။ ဉာဏ်နှင့်မြင်မှ ရတယ်။ ဉာဏ်နှင့်မြင်တဲ့ရုပ်နာမ်က အမှန်တကယ်ရှိတယ်။ မျက်စိနှင့်မြင်တဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ စတဲ့ ပညတ်က အမှန်တကယ်မရှိဘူး။
ဒါပေမယ့် မျက်စိနဲ့မြင်တွေ့နေရတဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ ဆိုတဲ့ ပညတ်ကို ပုထုဇဉ်တွေက အမှန်တကယ်ရှိတယ်ထင်လို့ ပညတ်အပေါ် လိုချင်မှု (လောဘ)၊ ပြစ်မှားမှု (ဒေါသ) စတဲ့ ကိလေသာတွေ ဖြစ်နေကြတာ။ မျက်စိနှင့် မြင်ရတာဟာ ပညတ်ပဲ။ ပညတ်ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ တကယ်ရှိတဲ့တရားက ရုပ်နာမ်ပါလား။ တကယ်ရှိတယ်ဆိုတဲ့ ရုပ်နာမ်ဟာလည်း ဖြစ်ပျက်မျှသာပါကလားလို့ သိခဲ့လျှင် ကိလေသာဆိုတာ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ဒီကိလေသာတွေကုန်အောင် ၀ိပဿနာ လုပ်ရမယ်လို့ ပြောခဲ့တာပါ။
ဒီကိလေသာတွေကို ဘယ်စိတ်နဲ့ ပယ်သလဲဆိုတော့ ကုသိုလ်စိတ်နဲ့ ပယ်တယ်။
အဲဒီကုသိုလ်က-
၁။ ကာမကုသိုလ်
၂။ မဟဂ္ဂုတ်ကုသိုလ်
၃။ လောကုတ္တရာကုသိုလ်-လို့ သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်
ကာမသတ္တ၀ါတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို ကာမကုသိုလ်လို့ ခေါ်တယ်။ ကာမသတ္တ၀ါဆိုတာ သတ္တ၀ါများ ကျင်လည်ရာ ၃၁-ဘုံအတွင်းက အပါယ်လေးဘုံရယ်, လူ့ဘုံရယ်,နတ်ပြည်ခြောက်ဘုံရယ်။ ဒီ ၁၁-ဘုံကို ကာမတရား ကျက်စားကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ ခေါ်တယ်။ ဒီကာမ ၁၁-ဘုံမှာဖြစ်တဲ့ သတ္တ၀ါကိုတော့ ကာမသတ္တ၀ါလို့ခေါ်တယ်။
အဲဒီကာမသတ္တ၀ါရဲ့ သန္တာန်မှာဖြစ်တဲ့ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်ကို (ကာမကုသိုလ်) လို့ခေါ်တယ်။ ကာမကုသိုလ်စိတ်က ကိလေသာကာမတရားများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတဲ့။ တဒင်္ဂပဟာန်ဆိုတာ ခေတ္တမျှသာ ပယ်နိုင်တယ်လို့ ဆိုလိုတယ်။
မဟဂ္ဂုတ်ကုသိုလ်က ကိလေသာတရားကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတဲ့။ ဘယ်လိုပယ်ခွါတာလဲဆိုတော့ မဟဂ္ဂုတ်ကုသိုလ်က ကိလေသာကို ဈာန်ရသမျှ ပယ်ခွါတယ်လို့ ဆိုလိုတယ်။ မဟဂ္ဂုတ်ကုသိုလ်ဆိုတာ ရုပကုသိုလ် ငါးခုနှင့် အရူပကုသိုလ်လေးခု ပေါင်း ၉-ခုသော ကုသိုလ်ကို ဆိုလိုရင်းဖြစ်တယ်။ မိမိတို့သန္တာန်မှာ မဟဂ္ဂုတ်ကုသိုလ် ၉-ခု ဖြစ်ပွားခဲ့လျှင် ကိလေသာတရားတွေကို ဈာန်ရနေသမျှ ကာလပတ်လုံး ပယ်ခွါနိုင်သတဲ့။ ဈာန်ရနေသမျှ ကာလပတ်လုံး ကိလေသာကို ပ်ာခွါနိုင်သည်ကို ထောက်လို့ ဈာန်ပျက်သည်နှင့်တပြိုင်နက် ကိလေသာတွေ ပြန်ပေါ်လာနိုင်သေးတယ်လို့ မှတ်ရမယ်။
ကာမကုသိုလ်တို့ မဟဂ္ဂုတ်ကုသိုလ်တို့ဟာ ကိလေသာကို အကြွင်းမဲ့ မပယ်နိုင်ကြဘူး။ ခေတ္တခဏမျှသာ ပယ်ခွါနိုင်တယ်။ ကိလေသာတွေ နောင်ပြန်မပေါ်အောင် ပယ်ခွါနိုင်တဲ့ကုသိုလ်က လောကုတ္တရာ ကုသိုလ်ဖြစ်တယ်။ လောကုတ္တရာကုသိုလ်က ကိလေသာတွေကို နောက်တဖန် မပေါ်လာအောင် သမုစ္ဆေဒပဟာန်နှင့် ပယ်ခွါနိုင်တယ်။ (သမုစ္ဆေဒ ဆိုတာ ကောင်းစွာ အကြွင်းအကျန်မရှိ ပယ်ဖြတ်တယ်လို့ ဆိုလိုပါတယ်။)
ကိလေသာကို တထောင့်ငါးရာ ကိလေသာ-လို့ သုံးနှုန်းကြတယ်။ အမှန် ကိလေသာကတော့ တရားကိုယ်အားဖြင့် ၁၀-ပါးတည်းရှိတယ်။ ကိလေသာဆယ်ပါးက-( လောဘ,ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ) တို့ ဖြစ်ကြတယ်။
ကိလေသာ ၁၀-ပါးအနက် ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာကို သောတာပတ္တိမဂ်ကုသိုလ်က ပယ်တယ်။
ဒေါသကို အနာဂါမိမဂ်ကုသိုလ်က ပယ်တယ်။
ကျန်တဲ့ကိလေသာတွေကိုတော့ အရဟတ္တမဂ်ကုသိုလ်က ပယ်တယ်။
သကဒါဂါမိမဂ်ကုသိုလ်ကတော့ ဘယ်ကိလေသာကိုမှ မပယ်နိုင်ဘူး။ သို့သော်လည်း ကိလေသာတွေ ခေါင်းပါးသွားအောင် အားနည်းသွားအောင်တော့ ပြုလုပ်နိုင်သတဲ့။
လောကုတ္တရာကုသိုလ်က ကာမကုသိုလ်, မဟဂ္ဂုတ်ကုသိုလ်တို့လို ကိလေသာကို ပယ်တာခြင်းတူသော်လည်း တော်တော်ကြာ ပြန်ပေါ်လာတဲ့ ပယ်နည်းမျိုး မဟုတ်ဘူး။ ပယ်ပြီးတဲ့နောက် လုံးဝပြန်မပေါ်လာတော့တဲ့ ပယ်နည်းမျိုးဖြစ်တယ်။ ဒါကြောင့် လောကုတ္တရာကုသိုလ်ရဲ့ ပယ်နည်းကို သမုစ္ဆေဒပဟာန်ပယ်နည်းလို့ ကျမ်းများမှာ ပြထားတယ်။
( တည်တော ဆရာတော် )
ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-မှ

Wednesday, May 4, 2011
သတိပဋ္ဌာန်အကြောင်း
ဓမ္မပီယ—- စိတ်အကြောင်းကို နားမလည် ရင် အစွဲ မျိုးစုံက လွတ်ဘို့ မလွယ်ကူကြောင်းကို တပည့်တော် သဘောပေါက်နားလည် ပါပြီဘုရား။ အရှိတရား သတိထားတတ်မှ သတိပဋ္ဌာန်ဖြစ်ကြောင်း တရားကိုလည်း ဆက်လက် ရှင်းပြတော်မူပါဘုရား။
ဦးဝိဇယ—- သတိပဋ္ဌာန် အကြောင်းကို ကိုယ်တွေ့ ဉာဏ်တွေ့ သဘောပေါက်ချင်ရင်တော့ တပည့်တော် ခိုင်းတဲ့အတိုင်း လုပ်ကြည့်မှ ဖြစ်နိုင်မယ်ဘုရား။ အလုပ်မပါပဲပြောရင် ပုံပြင်ပြောသလို ဖြစ်နေလိမ့်မယ် ဘုရား။လုပ်ရမှာတော့မခက်ပါဘူး။
ဓမ္မပီယ—-ခက်သည်ဖြစ်စေ ၊ လွယ်သည်ဖြစ်စေ ၊ ကြိုးစားလုပ်ရမှာပေါ့ဘုရား။ လောကီကိစ္စ တွေမှာကိုပဲ ကြိုးစားလုပ်ရသေး တာ။ အောင်မြင်သွားရင် ဒါက သံသရာ တစ်လျှောက်လုံး ချမ်းသာသွားမှာဆိုတော့ တပည့်တော် လုပ်ပါ့မယ်ဘုရား။
ဦးဝိဇယ—-သတ္တဝါတွေ ဆင်းရဲနေကြတာ၊ ဟာ လိုချင်၊ ဖြစ်ချင် ၊ရချင် မှုများဖြင့် စွဲလန်းနေကြလို့ ဆင်းရဲနေကြတာပါဘုရား။ အပါယ် လေးဘုံ ရောက်ကြတယ်ဆိုတာလည်း လိုချင်၊ဖြစ်ချင် ရချင်မှုများဖြင့်အပါယ်လေးဘုံ ရောက်ကြရပါတယ်ဘုရား။
ထိုလိုချင်၊ ဖြစ်ချင်၊ ရချင် တဲ့စိတ်တွေ ငြိမ်းအေးသွားအောင်၊ *ပျက်နေတယ်– ပျက်နေတယ်* ဟုအေးအေးဆေးဆေး စိတ်လေးနဲ့ ရွတ်ပါတယ်ဘုရား။ ဒါရွတ်ရင် တရားရမှာပဲဆိုပြီး ၊လိုချင်၊ ဖြစ်ချင် ၊ ရချင်လို့ ရွတ်တာမျိုး မဖြစ်စေရပါဘူး။
လိုချင်၊ ဖြစ်ချင်၊ရချင် တဲ့ စိတ်တွေ ငြိမ်းအေးသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ *ပျက်နေတယ်-ပျက်နေတယ်* ဟု အေးအေးဆေးဆေး စိတ်ဖြင့် ရွတ်ရမယ်ဘုရား။
ခန္ဓာ ကိုယ်ကို သက်သက်သာသာလေးထားပါ။ စိတ်ကိုလည်း လွတ်လွတ်လပ်လပ် လေး ထားရမယ်ဘုရား။ကိုယ်ကို ချုပ်ခြင်း၊စိတ်ကိုချုပ်ခြင်း၊ လုံးဝမလုပ်ရပါဘူး ဘုရား။
ဓမ္မပီယ—-အရှင်ဘုရား ခိုင်းတဲ့အတိုင်း ၊ ခန္ဓာကိုယ်ကို သက်သာအောင်နေ၊ စိတ်ကိုလည်း လွတ်လွတ်လပ်လပ် ထား ပြီး၊လိုချင် ၊ဖြစ်ချင်၊ ရချင်တဲ့စိတ် ငြိမ်းအေးအောင် *ပျက်နေတယ်–ပျက်နေတယ်* ဟုအေးအေးဆေးဆေး စိတ်နဲ့ ရွတ်ပါတယ်ဘုရား။
တပည့်တော် သဘောပေါက် လိုက်တာကတော့ ၊စိတ်ဟာ *ပျက်နေတယ်–ပျက်နေတယ်*ဟု မရွတ်တဲ့အချိန်မှာ *လိုချင်တယ်-ရချင်တယ်-ဖြစ်ချင်တယ်*ဟု တစ်ခုခု အမြဲတမ်း ရွတ် ပါတယ် ဘုရား။
*ပျက်နေတယ်–ပျက်နေတယ်* ဟူသော စကားလုံး ရဲ့ နောက်မှာ ဘာကိုမှ ပုံဖေါ်ခွင့် မရတဲ့ အတွက်ကြောင့် ကြိုက်တဲ့ ပုံစံဖေါ်ပြီး လိုချင်၊ ဖြစ်ချင် ၊ ရချင် နေတဲ့ အစွဲအကုသိုလ်တွေ ပေါ်ခွင့် မရတော့ ပါ ဘူးဘုရား။
အစွဲအလန်း နည်းရင် နည်းသလောက် ၊စိတ်ငြိမ်မှုကလည်း ရပါတယ်ဘုရား။ အရှင်ဘုရား ပြောတဲ့ ဒီနည်းဟာ အချိန်၊နေရာ၊ ဣရိယာပုဒ် များ တရားအတွက် သီးသန့် တွေ့စရာမလိုဘဲ၊ ပေးစရာမလိုဘဲ၊ သတိရတိုင်းလေး ရွတ်တာနဲ့ ကိုဘဲ အတော်ချမ်းသာမှု ကို ရပါတယ်ဘုရား။
ဦးဝိဇယ—-ဒါကိုသမာဓိ ထူထောင်တယ်လို့ ခေါ်ပါတယ်ဘုရား။ ဒီသမာဓိကတော့ ငြိမ်သမာဓိ မဟုတ်ပါဘူး။ ငြိမ်းအေးတဲ့ သမာဓိ ခေါ်ပါတယ်။ ငြိမ်သမာဓိ ဆိုတာကတော့ ခန္ဓာကိုယ်ကို ငြိမ်နေအောင် လုပ်ထားတဲ့ သမာဓိ ကို* ငြိမ်သမာဓိ *လို့ ခေါ်ပါတယ်..။
လိုချင်၊ ဖြစ်ချင်၊ ရချင်မှုများ ငြိမ်းအေး သွားအောင် လုပ်တဲ့ သမာဓိ ဖြစ်လို့ *ငြိမ်းအေးတဲ့သမာဓိ*ဟုခေါ်ပါတယ်ဘုရား။ ငြိမ်သမာဓိ ဟာ ဝိပဿနာ နဲ့ မဆိုင်ပါဘူးဘုရား။
ခန္ဓာကို ငြိမ်အောင် ကြိုးစားနေရလို့ အမှန်အတိုင်း သိအောင် ကြိုးစားတဲ့ ဝိပဿနာ ဉာဏ်နဲ့ မပတ်သက်ပါဘူး။ ငြိမ်းအေး တဲ့ သမာဓိ ကတော့ * ဆင်းရဲ မှန်သမျှ ဟာ စွဲလန်းလို့ ပဲ* ဆိုတဲ့ အမှန်သိခြင်း ကို ဦး စား ပေး နေ တဲ့အတွက် ကြောင့် ၊ဝိပဿနာ ဉာဏ် ရဲ့ အထောက်အကူ ဖြစ်ပါတယ် ဘုရား။
သတိပဋ္ဌာန် ကတော့*******
ထိုင် ရင်းနဲ့ * ပျက်နေတယ်—ပျက်နေတယ်* ဟုစိတ်ဖြင့် ရွတ် နေရင်၊ ထိုင်တာကိုလည်း သိနေတယ်။
သွားရင်းနဲ့ *ပျက်နေတယ်—ပျက်နေတယ်* ရွတ်နေရင် သွားတာကိုလည်း သိနေတယ်။
ရပ်ရင်း နဲ့ *ပျက်နေတယ်—ပျက်နေတယ်* ရွတ်နေရင် ၊ ရပ်နေတာကိုလည်း သိနေတယ်။
လျောင်းရင်းနဲ့ *ပျက်နေတယ်–ပျက်နေတယ်* ရွတ်နေရင် ၊လျောင်းတာကို လည်းသိနေတယ်။
သွား၊ ရပ် ၊ထိုင်၊ လျောင်း ဟူသော နာမည် ပညတ်မပါပဲ သိတာဘက်ကို ဦးစားပေးပြီး ၊*ပျက်နေတယ်–ပျက်နေတယ်* ဟုရွတ်နေရင် *ပျက်နေတယ်–ပျက်နေတယ်* ဟုရွတ်ရင်း ၊ ကိုယ့်ကိုကို သိနေခြင်း ပါပဲ ဘုရား။
အမည် ပညတ်၊မပါပဲ ၊သိရုံမျှ ဂရုစိုက်နေခြင်း ကို သတိပဋ္ဌာန် တရား အားထုတ် တယ်ဟုခေါ်ပါတယ်ဘုရား။ အရှင်ဘုရား လုပ်ကြည့်လိုက်ပါဦး ဘုရား။
ဓမ္မပီယ—- အရှင်ဘုရား ခိုင်း တဲ့အတိုင်းလုပ်ကြည့်တော့ အလွန် လွယ်ကူပါတယ်ဘုရား။ စိတ်အလွန်ငြိမ်းချမ်း ပါတယ်။
*ပျက်နေတယ်–ပျက်နေတယ်* ဟုအေးအေးဆေးဆေး ရွတ်နေရင် ၊ကိုယ့်ကိုကို သိနေတော့ ၊ အဆင်း၊ အသံ၊ အနံ့ ၊ အရသာတွေ၊ ထိစရာများကို တွေ့ထိနေရသော်လည်း ၊အကောင်းထင်ခြင်းလောဘ၊ အဆိုးထင်ခြင်း ဒေါသ များ၊ မဖြစ်ပဲ *ဒိဋ္ဌေ၊ဒိဋ္ဌမတ္တံ* စသော ပါဠိတော် နှင့်လည်း ညီညွတ်နေပါတယ်ဘုရား။
တပည့်တော် နားလည် သလောက်ပြောရရင် ၊ကိုယ့်ကိုကို သိရတဲ့ သိစရာလေးဟာ ၊နာမည်တပ် မရတာကို သိနေပါတယ်။ စိတ်မှာ ပုံဖေါ် ရတာ ကိုသိနေပါတယ်။
ကိုယ့်ကိုကို သိနေရတော့၊ ရှာကြံစရာမလိုသော၊ သိစရာ ကိုသိနေတယ်။ စကားဖြင့် ပြောစရာမရှိ၊စိတ်ဖြင့် သိလို့ ရတာကိုသာ၊ သိနေပါတယ်ဘုရား။
ဒီသိစရာလေးဟာ၊ စိတ်ဖြစ်တိုင်း၊ သိနေသော်လည်း၊ ဂရုစိုက်ပြီး ၊မသိဖြစ်ခဲ့ပါဘူး။ ယခုသိရတာဟာ အလွန် လွယ်ကူသက်သာ ၊ချမ်းသာသော သိစရာကို ၊သိနေရတော့ စိတ်ဆင်းရဲမှုမလာနိုင်တဲ့၊ ပုန်းအောင်းစရာလေးပဲ ဖြစ်နေပါတယ် ဘုရား။
the attachments to this post:
Satipahtan
Satipahtan
Tags: သတိပဋ္ဌာန်

Monday, May 2, 2011
Sunday, May 1, 2011
ဘာဝနာလေးဆယ်
ဆရာတော်ဦးသုမန(စစ်ကိုင်း) ဟောကြားတာကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ဝိပဿနာဘာဝနာလေးဆယ်ရှိပါတယ်။
အနိစ္စလက္ခကာ (၁၀)ပါး
ဒုက္ခလက္ခဏာ (၂၅)ပါး
အနတ္တလက္ခဏာ ( ၅)ပါး
ပေါင်း............... ၄၀ ဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းလေးဆယ်ဆိုတာလည်းရှိပါတယ်။ မတူပါ။
အနိစ္စလက္ခဏာ (၁၀) ပါး --
ဣမေ ပဉ္စက္ခန္ဓာ = ဤငါးပါးသော ခန္ဓာတို့သည်...
၁။ အနိစ္စာ = မြဲခြင်းသဘောမရှိကုန်၊
၂။ အဓုဝါ = ခိုင်မာခြင်းသဘောမရှိကုန်၊
၃။ အသာရာ = အနှစ်သာရမရှိကုန်၊
၎။ စလာ = ရွေ့လျားတတ်ကုန်၏၊
၅။ ပလောကဓမ္မာ = ပျက်စီးခြင်းသဘောရှိကုန်၏၊
၆။ ၀ိပရိဏာမဓမ္မာ = ဖေါက်ပြန်ခြင်းသဘောရှိကုန်၏၊
၇။ မရဏဓမ္မာ = သေဆုံးခြင်းသဘောရှိကုန်၏။
၈။ ၀ိဘ၀ဓမ္မာ = ဆုံးရှုံးခြင်းသဘောရှိကုန်၏။
၉။ သင်္ခတာ = အဖန်ဖန်ပြုပြင်တတ်ကုန်၏။
၁၀။ ပဘဂုင်္ဏော = ဖရိုဖရဲပြိုကွဲခြင်းသဘောရှိကုန်၏။
အနိစ္စံ - အနိစ္စလက္ခာ (၁၀)ပါးတည်း။
ဒုက္ခလက္ခဏာ(၂၅)ပါး ---

၁။ ဒုက္ခာ = ယုတ်မာညစ်ဆိုးဒုက္ခမျိုးတို့သာတည်း။
၂။ ဘယာ = ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။
၃။ ဤတီ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။
၎။ ဥပ္ပဒ္ဒ၀ါ = လွန်စွာကပ်ရပ်နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။
၅။ ဥပ္ပသဂ္ဂါ = တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။
၆။ ရောဂါ = ကြင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။
၇။ အာဗာဓာ = နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။
၈။ ဂဏ္ဌာ = မဖွယ်ရုပ်ဆင်း ထွက်မြင်းအနာမျိုးတို့သာတည်း။
၉။ သလ္လာ = စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။
၁၀။ အဃာ = အကျိုးယုတ်၊ အကျိုးမဲ့မျိုးတို့သာတည်း။
၁၁။ အတာဏာ = စောင့်ရှောက်မဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၂။ အလေဏာ = ကွယ်ကာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၃။ အသရဏာ = ကိုးရာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၄။ အာဒီန၀ါ = ဆိုးဝါးညစ်ကျူ အပြစ်စုတို့သာတည်း။
၁၅။ အဃမူလာ = ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သာတည်း။
၁၆။ ၀ဓကာ = လူနတ်ဗြဟ္မာ သတ္တ၀ါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း။
၁၇။ သာသ၀ါ = အာသဝေါတရားလေးပါးတို့၏ အစည်းအပွားတို့သာတည်း။
၁၈။ မာရာမိသာ = ကိလေသာမာရ်၊ မစ္စုမာရ်တို့၏ စားဖတ်၊ ၀ါးဖတ်၊ သုံးသပ်နင်းနယ်ရာတို့သာတည်း။
၁၉။ ဇာတိဓမ္မာ = သတ္တ၀ါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တိုင်းဖြစ်တတ်သော သဘောရှိကုန်၏။
၂၀။ ဇရာဓမ္မာ = ဆုတ်ယုတ်လျော့ပါးခြင်းသဘောရှိကုန်၏။
၂၁။ ဗျာဓိဓမ္မာ = နာခြင်းသဘော ရှိကုန်၏။
၂၂။ သောကဓမ္မာ = စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏။
၂၃။ ပရိဒေ၀ဓမ္မာ = ငိုကြွေးမြည်တမ်းရခြင်းသဘော ရှိကုန်၏။
၂၄။ ဥပါယာသဓမ္မာ = သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘော ရှိကုန်၏။
၂၅။ သံကိလေသဓမ္မာ = တဏှာ၊ ဒိဋ္ဌိ၊ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်း(၃)ပါးကို ပွားစီးစေတတ်သော သဘောရှိကုန်၏။
ဒုက္ခံ - ဒုက္ခလက္ခဏာ (၂၅)ပါးတည်း။
အနတ္တလက္ခဏာ (၅)ပါး

၁။ အနတ္တာ = ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့မလိုက်ကုန်။
၂။ ပရေ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။
၃။ ရိတ္တာ = အနှစ်သာရဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ်ကင်းသော တရားတို့သာတည်း။
၎။ တုစ္ဆာ = ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခဟူသမျှနှင့် မြူစမနီး အချည်းနှီးသော တရားတို့သာတည်း။
၅။ သုညာ = ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသောတရားတို့သာတည်း။
အနတ္တာ = အနတ္တလက္ခဏာ(၅)ပါးတည်း။
အထက်ပါ ဘာဝနာလေးဆယ်သည် ခန္ဓာငါးပါးကို ရွံရှာဖွယ် ကြောက်မက်ဖွယ် စက်ဆုပ်ဖွယ်ဖြစ်ကြောင်း အသွယ်သွယ်၊ အနည်းနည်းဖြင့် တန်ဆာဆင်ဟောကြားထားခြင်းဖြစ်ပါသည်။
အရကျက်မှတ် ပွားများပါက တရားအားထုတ်ရာတွင် အားကြီးသောအထောက်အပံ့အဖြစ် ကျေးဇူးပြုသည်ဟု ဆရာတော်က မိန့်ကြားပါသည်
http://attamyar.blogspot.com/2011/04/blog-post_15.htmlကူးယူဖေါ်ပြပါသည်။

အသုဘ(၁၀)ပါးနှင့် သမထကမ္မဋ္ဌာန်း ( ၄၀ )
ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်နှင့်၊
တစ်ဆယ် နုဿတိ၊ လေးရှိ ပမညာ၊ ဧ သညာတည့်၊
တစ်ဖြာ ဓာတု၊ လေးခု အရူ၊ ပေါင်းရုံးယူ၊
ရေမူ ကမ္မဋ္ဌာန်းလေးဆယ်တည်း ။
ကသိုဏ်း ၁၀ ပါး
အသုဘ ၁၀ ပါး
အနုဿတိ ၁၀ ပါး
အပ္ပမညာ ၄ ပါး
အာဟာရေ ပဋိကူလသညာ ၁ ပါး
စတုဓာတု ၀၀တ္ထာန် ၁ ပါး
အာရုပ္ပ ကမ္မဋ္ဌာန်း ၄ ပါး အားဖြင့် ပေါင်း သမထကမ္မဋ္ဌာန်း လေးဆယ် ဖြစ်၏။
ကသိုဏ်း ( ၁၀ ) ပါး
ဤနေရာ၌ ကသိုဏ်းဆိုသည်မှာ အလုံးစုံကို ခြုံမိအောင် ရှုရသော ကသိုဏ်းဝန်း ကမ္မဋ္ဌာန်းအာရုံ ဟု ဆိုလို သည်။
၁။ ပထ၀ီကသိုဏ်း မြေကသိုဏ်း
၂။ အာပေါကသိုဏ်း ရေကသိုဏ်း
၃။ တေဇောကသိုဏ်း မီးကသိုဏ်း
၎။ ၀ါယောကသိုဏ်း လေကသိုဏ်း
၅။ နီလကသိုဏ်း အညိုရောင်ကသိုဏ်း
၆။ ပီတကသိုဏ်း အ၀ါရောင်ကသိုဏ်း
၇။ လောဟိတကသိုဏ်း အနီရောင်ကသိုဏ်း
၈။ သြဒါတကသိုဏ်း အဖြူရောင်ကသိုဏ်း
၉။ အာလောကကသိုဏ်း အလင်းရောင်ကသိုဏ်း
၁၀။ အာကာသကသိုဏ်း အာကာသဟင်းလင်းပြင်ကသိုဏ်း အားဖြင့် ဆယ်မျိုးရှိလေသည်။
အသုဘ ကမ္မဋ္ဌာန်း ( ၁၀ )ပါး
အသုဘ ဆိုသည်မှာ " မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် " ဟု ဆိုလို၏။
၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၂။ ၀ိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက် ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၃။ ၀ိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍ ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၎။ ၀ိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၅။ ၀ိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၆။ ၀ိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊
၇။ ဟတ ၀ိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊
၁၀ ။အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ် အရိုးကောင်၊ အားဖြင့် ဆယ်မျိုး အပြားရှိလေ၏။
အနုဿတိ ကမ္မဋ္ဌာန်း ( ၁၀ ) ပါး
အနုဿတိ ဆိုသည်မှာ " အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် အောင့်မေ့ခြင်း " ကို ဆိုလိုပေသည်။
၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်များနှင့် ရုပ်သဏ္ဍာန် ပုံတော်ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ = တရားတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၃။ သံဃာ နုဿတိ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၎။ သီလာနုဿတိ = မိမိ စောင့်ထိန်းထားသော သီလတို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၅။ စာဂါ နုဿတိ = မိမိ ပြုခဲ့ဖူးသော ဒါနကုသိုလ်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၆။ ဒေ၀တာ နုဿတိ = နတ် ဗြဟ္မာတို့ ကဲ့သို့ပင် မိမိမှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ်တွေ များစွာ ရှိပေ၏ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၇။ ဥပသမာ နုဿတိ = နိဗ္ဗာန်၏ အေးငြိမ်းသော သဘောကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၈။ မရဏာ နုဿတိ = သေခြင်းသဘောကို သတိ သံဝေဂဥာဏ် အဆင့်သို့ ရသည့်တိုင်အောင် အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၉။ ကာယဂတာသတိ = ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသ အစု ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဇီဝ အတ္တ သတ္တ၀ါ မဟုတ်ကြ၊ ပထ၀ီစသော ဓာတ်သဘောမျှသာ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့် မေ့ခြင်း၊
၁၀။ အာနာပါနဿတိ = ထွက်လေ ၀င်လေကို သတိကပ်ကာ ရှုမှတ်နေခြင်း။
အပ္ပမညာ ကမ္မဋ္ဌာန်း ( ၄ ) ပါး
အပ္ပမညာ အဓိပ္ပါယ်
အပ္ပမညာ ဆိုသည်မှာ " အတိုင်းအရှည် မရှိသော သတ္တ၀ါ ပညတ်ကို အာရုံပြုနေသော တရား " ဟု ဆိုလိုပေသည်။
ဗြဟ္မ၀ိဟာရတရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည် ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် အထက်ပါ အပ္ပမညာ လေးပါးကိုပင် ဗြဟ္မ၀ိဟာရတရား လေးပါး ဟုလည်း ခေါ်တွင်သည်။
ဗြဟ္မစိုရ် တရား ဟူသည်မှာ မေတ္တာစသော ဗြဟ္မစိုရ်တရားလေးပါးကို ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့် ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်သည်။
၁။ မေတ္တာ = သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်းကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု ခေါ်၏။
၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အဂတိမလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။
၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ၀မ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။
၎။ ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တ၀ါကို မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ်ထားသည့် ကုသိုလ် အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ်အလတ် စိတ်သဘောကို ဥပေက္ခာ ဟု ခေါ်အပ်၏။
အာရုပ္ပ ကမ္မဋ္ဌာန်း ( ၄ )ပါး
၁။ အာကာသာနဉ္စာယတနဈာန် = အဆုံးအပိုင်းခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ဖြစ် သောဈာန်။
၂။ ၀ိညာနဉ္စာယတနဈာန် = ပထမ အရူပဈာန်စိတ်၏ အဆုံးအပိုင်းခြား မရှိခြင်းကို အာရုံပြု၍ဖြစ်သောဈာန်။
၃။ အာကိဉ္စညာ ယတနဈာန် = ပထမအရူပဈာန်စိတ်၏ မရှိခြင်း ( နတ္ထိဘောပညတ် ) ကို အာရုံပြု၍ဖြစ်သော ဈာန်။
၎။ နေ၀သညာ နာသညာယတနဈာန် = သညာ၌ အပြစ်မြင်၍ တတိယအရူပဈာန်၏ ငြိမ်သက်ခြင်းသဘော ကို ရှုဆင်ခြင်လျက် ဖြစ်ပေါ်လာသောဈာန်။
စတုဓာတု ၀၀တ္ထာန် ကမ္မဋ္ဌာန်း ( ၁ )ပါး
ပထ၀ီ အာပေါ တေဇော ၀ါယော ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘောကို ပိုင်းခြားထင်ထင်သိမြင်အောင် ပွားများသော ကမ္မဋ္ဌာန်းကို စတုဓာတု ၀၀တ္ထာနကမ္မဋ္ဌာန်း ( ဓာတ်ကမ္မဋ္ဌာန်း ) ဟု ခေါ်တွင်လေသည်။
ပထ၀ီဓာတ် ၏သဘောသည် ခက်မာခြင်း၊ ကြမ်းတမ်းခြင်း၊ နုညံ့ခြင်းသဘော ရှိ၏။
အာပေါဓာတ် ၏သဘောသည် ယိုစီးခြင်း၊ ဖွဲ့စီးခြင်း၊ သိပ်သည်းခြင်း၊ ပူးတွဲခြင်း၊ လုံးခဲခြင်း သဘောတရားများ ရှိ၏။
တေဇောဓာတ် ၏သဘောသည် ပူခြင်း၊ နွေးခြင်း အေးခြင်းသဘောတရားများ ရှိ၏။
ဝါယောဓာတ် ၏သဘောသည် ထောက် ၊ ကန် ၊ တောင့် ၊ တင်း ၊ လှုပ်ရှားခြင်း၊ ရွေ့လျားခြင်း သဘောတရားများရှိ၏။
အာဟာရေ ပဋိကူလ သညာ ကမ္မဋ္ဌာန်း( ၁ )ပါး
စားမျိုအပ်သော အစာ အာဟာရတို့၌ စက်ဆုပ်ဖွယ် အမှတ်သညာဖြစ်အောင် ဆင်ခြင်ပွားများသော ကမ္မဋ္ဌာန်း ကို အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း ဟု ခေါ်တွင်၏။
ဤကမ္မဋ္ဌာန်းကို အားထုတ်လေ့ရှိသော ယောဂီသည် စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဟူသော ကဗဠီကာရာဟာရ ဟုဆိုအပ်သော အစားအသောက် မှန်သမျှကို ဆင်ခြင်ပုံ ( ၁၀ ) မျိုးဖြင့် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် နှလုံးသွင်းရ၏။ ယင်းဆယ်ပါးတို့မှာ --
၁။ သွားခြင်းအားဖြင့် အစားအသောက်တို့ကို ဆင်ခြင်ခြင်း၊
၂။ ရှာမှီးခြင်းအားဖြင့်
၃။ သုံးဆောင်သောအားဖြင့်
၎။ သည်းခြေ စသော တည်ရာ အားဖြင့်
၅။ စု၍တည်ရာ အစာသစ်အိမ်အားဖြင့်
၆။ မကြေ မကျက်သေးသော အားဖြင့်
၇။ ကြေကျက်ပြီးသော အားဖြင့်
၈။ ပြီးစီးသော အကျိုးအားဖြင့်
၉။ ယိုထွက်ခြင်းအားဖြင့်
၁၀။ ပေကျံခြင်းအားဖြင့် ဆင်ခြင် နှလုံးသွင်းရ၏။
ဤဆယ်မျိုးသော ဆင်ခြင်ပုံများကို ၀ိသုဒ္ဓိမဂ် အာဟာရေ ပဋိကူလသညာ အခန်း၌၄င်း၊ ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပ ဘေဒနီကျမ်း ( ဒု၊ ၃၇၂ - ၆ ) ၌၄င်း အကျယ် လေ့လာနိင်ပါသေးသည်။ ဤသို့အားဖြင့် ၀ိပဿနာသို့ မရောက်ခင် သမထကမ္မဋ္ဌာန်းပေါင်း ( ၄၀ ) အရေအတွက် ရှိလေ၏။ ကမ္မဋ္ဌာန်းလေးဆယ် ရှုမှတ်ပွားများပုံနှင့် ၀ိပဿနာတက်ပုံများကို ဥာဏ်စဉ်များနှင့် ကိုယ်ကျင့်သတိပဋ္ဌာန် ခေါင်းစဉ် ဆောင်းပါးဖြင့် ဆက်လက် ဖော်ပြပါအုံးမည်။
မေတ္တာဖြင့် --
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

ကမ္မဋ္ဌာန်းလေးဆယ်ကို ပညတ်+ပရမတ် ခွဲခြားပုံ
ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်တည်း၊
တစ်သွယ် ကောဋ္ဌာ၊ အာနာပါန၊
ဗြဟ္မ၀ိဟာ ၊ ဤလေးဖြာနှင့်၊
နှစ်ဖြာ အာရုပ္ပ၊ ပ နှင့် တ ဟု၊
ပေါင်းစု ရေလစ်၊ နှစ်ဆယ့်ရှစ်သည်၊
မှတ်လစ် ပညတ် အာရုံတည်း။
ကသိုဏ်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကောဋ္ဌာသ ၁ ပါး၊ အာနာပါန ၁ ပါး၊ ဗြဟ္မ၀ိဟာရတရား ၄ ပါးမှ အာကာသာနဉ္စာယတန နှင့် အာကိဉ္စညာယတန ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၂၈ ပါးသည် ပညတ်အာရုံဖြစ်ကြ၏
ကာယဂတာ၊ အာနာပါကို၊
ချန်ကာထားဘိ၊ နှုဿတိ ရှစ်ဖြာ၊
အာဟာရာ ဟု၊ ဓာတု ၀၀တ္ထာန်၊
နှစ်တန် အာရုပ္ပ၊ ဒု နှင့် စ ဟု၊
ပေါင်းစု ရေလစ်၊ တစ်ဆယ့်နှစ်သည်၊
မှတ်လစ် ပရမတ် အာရုံတည်း။
ကာယဂတာသတိ နှင့် အာနာပါန ကို ချန်ထားသော အနုဿတိ ၈ ပါး၊ အာဟာရေ ပဋိကူလသညာ ၁ ပါး၊ စတုဓာတု ၀၀တ္ထာန် ၁ ပါး၊ ကြွင်းသော အရူပဈာန် ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၁၂ ပါးသည် ပရမတ်များ ဖြစ်ကြ၏
ဥပစာရ ကမ္မဋ္ဌာန်း နှင့် အပ္ပနာ ကမ္မဋ္ဌာန်း
ကာယဂတာ၊ အာနာပါကို၊ ချန်ကာထား၍၊ ကြွင်းငြား ရှစ်ရှိ၊ နုဿတိနှင့်၊ ပဋိကူလံ၊ ၀၀တ္ထာန်ဟု၊ ဆယ်တန်ပွားက၊ ဥပစာရ၊ မုချ ရနိင်သည်။
ကြွင်းသုံးဆယ်မှာ၊ အပ္ပနာ ၊ မှန်စွာ ရနိုင်သည်။
( ၀ိသုဒ္ဓိ၊ ၁ ၊ ၁၀၇ )
ဈာန်ဖြင့် ဝေဖန်ခြင်း
ကသိုဏ်းဆယ်ဖြာ၊ အာနာပါ၊ လေးဖြာ ဈာန်ရသည်။
ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် သုံးပါး ရသော/ မရသော ကမ္မဋ္ဌာန်းများ
ကသိုဏ်းဆယ်ဖြာ၊ အသုဘာတည့်၊ အာနာပါန၊ ကာယကို ချန်၊ ကျန် နုဿတိ၊ ပွားများဘိ၊ ပဋိဘာဂ၊ ရနိုင်သည်။
ကြွင်းဆယ့်ရှစ်မှာ၊ ပဋိဘာ၊ ဘယ်ခါ မရပြီ။
ပရိကမ္မ၊ ဥဂ္ဂဟ မရ မရှိပြီ။
( ၀ိသုဒ္ဓိ ၊ ၁ ၊ ၁၀၉ )

Monday, April 18, 2011
ဒုက္ခဘောင်မှ လွတ်အောင်ရုန်း၍ ချမ်းသာတွေ့ဖို့...
မူလနှစ်မွှာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာမြစ်ငုတ်၊ ရင်းမပြုတ်၍၊ မြတ်ယုတ်ဘ၀၊ ဇာတိရက၊ အိုကြနာကြ၊ မနေရဘူး၊ လူကနတ်က၊ ဖြစ်သမျှပင်၊ မြင်သမျှမျိုး၊ ဒုက္ခအိုးတည့်၊ လိုဆိုးပိုင်ပိုင်၊ တည်မခိုင်ခဲ့၊ မခံနိုင်ပျက်၊ မပျက်နိုင်ခံ၊ ၀ဋ်ထုံးစံရှင့်။
--------------------------------------------------
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။
v မူလနှစ်ဖြာ = အ၀ိဇ္ဇာ နှင့် တဏှာ
v သစ္စာနှစ်ခု = သမုဒယသစ္စာ၊ ဒုက္ခသစ္စာ
v လေးခုအလွှာ = အတိတ်အကြောင်း တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊ အနာဂတ်အကျိုး တစ်လွှာ
v အင်္ဂါတစ်ဆယ့်နှစ်ပါး = အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀၊ ဇာတိ၊ ဇရာမရဏ
v တရားကိုယ်များနှင့်
v သုံးပါးအစပ် = သင်္ခါရနှင့် ၀ိညာဏ်တစ်စပ်၊ ဝေဒနာနှင့် တဏှာတစ်စပ်၊ ကမ္မဘ၀နှင့် ဇာတိတစ်စပ်
v နှစ်ရပ်မူလ
v ၀ဋ်သုံးဝနှင့် = ကိလေသ၀ဋ်သုံးပါး၊ ကမ္မ၀ဋ်နှစ်ပါး၊ ၀ိပါက၀ဋ်ရှစ်ပါး
· ကိလေသ၀ဋ်သုံးပါး = အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်
· ကမ္မ၀ဋ်နှစ်ပါး = သင်္ခါရ နှင့် ကမ္မဘဝ
· ၀ိပါက၀ဋ်ရှစ်ပါး = ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဥပပတ္တိဘ၀၊ ဇရာမရဏ
v ကာလသုံးဖြာ = လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ
v ခြင်းရာနှစ်ဆယ် = အတိတ် အကြောင်းအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကျိုးအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကြောင်းအခြင်းအရာ ငါးပါး၊ အနာဂတ် အကျိုးအခြင်းအရာ ငါးပါး
· အတိတ် အကြောင်းအခြင်းအရာ ငါးပါး = အ၀ိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ
· ပစ္စုပ္ပန် အကျိုးအခြင်းအရာ ငါးပါး = ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ
· ပစ္စုပ္ပန် အကြောင်းအခြင်းအရာ ငါးပါး = တဏှာ၊ ဥပါဒါန်၊ ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ
· အနာဂတ် အကျိုးအခြင်းအရာ ငါးပါး = ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ
ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။
---------------------------------------------------
မသိမှုကြောင့် ထင်ရာလုပ်၊ ထင်ရာလုပ်လို့ ဒုက္ခရ၊ ဒုက္ခထဲက အမြစ်ထွက်၊ အမြစ်ထွက်လို့ အပင်ပေါက်၊ ချာလည် ဒုက္ခရောက်..။

အ၀ိဇ္ဇာနှင့်၊ တဏှာအရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်။ အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်။ ဗြဟ္မာသိကြား၊ စသည်များက၊ ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု၊ မဟုတ်ဟု၊ ဉာဏ်ဖြင့်ရှု၍မျှော်။

*ရှင်တော်မြတ်မိန့်ခွန်း*
ဖြစ်ပျက်မပါ၊ သက်တစ်ရာ၊ နေတာ အလကား။
ဖြစ်ပျက်ကိုမြင်၊ တစ်နေ့ပင်၊ လွန်လျှင်ထို့ထက် အကျိုးများ။
ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊ လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။
-------------------------------------------------------
"အက္ခရာဆား၊ ဆလိမ်ဆားကို၊ လျက်ငြားမငန်၊ ပုံသဏ္ဌာန်လို..
စာထဲကတရား၊ စာတရားကို၊ သိငြားတတ်ပြန်၊ သညာမှန်၏..။
အိုးထဲကဆား၊ တကယ့်ဆားကို၊ လျက်ငြားအမှန်၊ အဟုတ်ငန်သလို..
ခန္ဓာတရား၊ အရှိတရားကို၊ သိငြားတတ်ပြန်၊ ပညာမှန်၏..။"
------------------------------------------------------
စားခိုက်စားစဉ် သတိယှဉ် စားချင်စိတ်နဲ့ စားရုပ်မြင်၊
စားစဉ်စားခိုက် သတိစိုက် ရှုလိုက်မှတ်ကာ ပွားစေချင်၊
စားဆဲနာမ်ရုပ် စားစဉ်ချုပ် အဟုတ်ဉာဏ်မှာမြင်၊
အရိယာပတ္ထ ကျင့်လမ်းပြ ဒီကနိဗ္ဗာန်ဝင်။
--------------------------------------------------------
သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လို စိတ်ဟုသိ၊
စိတ်ကြောင့်ဖြစ်သော၊ ဓာတ်ဝါယော၊ နှံ့နှောကိုယ်ဝယ်ပြည့်၊
ဝါယောပြည့်သော်၊ ၀ိညာဏ်ပေါ်၊ ရုပ်သော်ထိုင် (သွား၊ ရပ်၊ အိပ်၊ စား..)ပေ၏၊
ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင် ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွား ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ် ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ် ဉာဏ်ဖြင့်သိ။
စသဖြင့်.... သင့်တော်သလို ဣရိယာပုတ်ကို လိုက်၍ နှလုံးသွင်းရမည်။
-----------------------------------------------
ရုပ်ဟူသမျှ၊ မသိကြ၊ သိကနာမ်ခေါ်လေ။
လူနတ်ဗြဟ္မဟာ၊ သူငါမဟုတ်၊ နာမ်နှင့်ရုပ်၊ မုချဉာဏ်မြင်စေ။

ဖြစ်ဖြစ်နေတာမြင် ဘာဒိဋ္ဌိစင် (ဥစ္ဆေဒ ဒိဋ္ဌိစင်)
ပျက်ပျက်နေတာမြင် ဘာဒိဋ္ဌိစင် (သဿတဒိဋ္ဌိစင်)
လူနတ်ဗြဟ္မာ သူငါမဟုတ် နာမ်နဲ့ရုပ်သာ ဖြစ်ပျက်နေတာလို့ သိရင် ဘာဒိဋ္ဌိစင် (သက္ကာယဒိဋ္ဌိစင်)
---------------------------------------------
လေးစားရိုသေစွာဖြင့်
ဖိုးသား

Monday, April 11, 2011
Wednesday, April 6, 2011
ဘ၀အောင်မြင်နည်း(၄)မျိုး

၁၃၇၃ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်အမှတ်တရအဖြစ် အရှင် ယ္ခုစာတမ်းလေးကို ရေးသားတင်ပြအပ်ပါတယ်၊၊ နှစ်သစ်မှာ အောင်မြင်မှုအပေါင်း၊ စိတ်ချမ်းသာမှုအပေါင်း၊ ပျော်ရွှင်မှုများစွာတို့နှင့် ပြည့်စုံကြပါစေလို့ အရှင် မေတ္တာပြုလိုက်ပါတယ်၊၊
ရန်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို အောင်မြင်စေဖို့ မြတ်စွာဘုရားရှင်က နည်းလေးမျိုးကို သင်ပြပေးထားပါတယ်၊၊ လေးမျိုးဆိုတာတွေက-
(၁) မေတ္တာထားတတ်မှု၊
(၂) ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊
(၃) ပေးကမ်းရက်ရောမှု၊
(၄) အမှန်ကိုပြောဆိုတတ်မှု၊တို့ဖြစ်ကြပါတယ်၊၊
"မေတ္တာထားတတ်မှု"
လောကကြီးမှာ မေတ္တာကြီးမားသူတွေဟာ တဒင်္ဂအခက်ခဲကြားတွင်ရောက်နေရသည့်တိုင် သေခြာပေါက် အဲဒီအခက်ခဲတွေ၊ ဒါမှမဟုက် ရန်တွေကနေ လွတ်မြောက်ရပါတယ်၊၊ ဒါဟာ မေတ္တာရဲ့စွမ်းရည်လို့ ဆိုရမှာပါ၊၊ ကိုယ့်ဘက်ကတော့ စစ်မှန်တဲ့ မေတ္တာကိုထားတတ်ဖို့လိုတာပေါ့၊၊ မေတ္တာကြီးလာရင် အရာရာကိုအောင် နိုင်တော့တာပါ၊ သာမာန်အခက်ခဲလောက်တော့ ပြောနေဖို့ကို မလိုတော့ပါဘူး၊ မြတ်စွာဘုရားရှင်ဟာ ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ကိလေသာစစ်ပွဲများစွာ၊ မာန်နတ်ရဲ့စစ်တပ် ကြီးနှင့်အတူ၊ဒေ၀ဒတ်ရဲ့လုပ်ကြံမှု၊ဆင်ကြမ်းကြီးရဲ့ရန်ကနေလွတ်ခဲ့တာပါ၊၊
"ကိုယ်ကျင့်တရားဖြောင့်မတ်မှု"
ကိုယ်ကျင့်တရားသည်လည်း တကယ့်အစွမ်းထက်တဲ့ လက်နက်တမျိုးပါပဲ၊ လုပ်ငန်းခွင်တခုမှာ ရေရှည် လုပ်လာရပြီဆိုရင် ကိုယ်ကျင့်တရားကောင်းသူတွေကို အများက အားကိုးကြရပါတယ်၊ လေးစားကြရပါတယ်၊၊ လိမ်တာ လှည့်ပတ်တာတွေဟာ ခဏတော့ကောင်းစားကောင်း ကောင်းစားမှာပါ၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ "မြန်မာစကားမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်"ဆိုတဲ့ စကားတခုရှိပါတယ်၊၊ ဒီစကားဟာ အရမ်းလျပ်ပေါ်လွန်းတဲ့ စကားတခုပါ၊၊ သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်သူတွေအတွက် အားပေးထားတဲ့စကားတခုဖြစ် ပါတယ်၊၊
စဉ်းစားဖို့ကောင်းတာက "ခြုံပေါ်ရောက်တယ်ဆိုတာ တိုက်ပေါ်၊ ဒါမှမဟုက် ကားပေါ်ရောက်သလောက်
မကောင်းဘူး"ဆိုတာပါ၊၊ ကိုယ်ကျင့်တရားကို ထည့်မစဉ်းစားဘဲ လည်သလို၊ တတ်သလို လုပ်တတ်သူတွေဟာ ခြုံပေါ်ခဏရောက်ရသလို ကြီးပွားတတ်ပေမဲ့ ခြုံဆိုတာခိုင်မာတဲ့အရာမဟုက်တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်ရတော့တာပါပဲ၊၊
ကိုယ်ကျင့်တရားကို အခြေခံပြီး စီးပွားရှာတတ်သူတွေ အလုပ် လုပ်တတ်သူတွေကတော့ ကြီးပွားဖို့ အောင်မြင်ဖို့ နည်းနည်းနှေးပေမဲ့ ရလာပြီးပြီဆိုရင် အရမ်းခိုင်မာပါတယ်၊ "ကံခိုင်ပြီး သံတိုင်အိမ်ဆောက်" ဆိုသလိုပါပဲ၊ ဘယ်မုန်းတိုင်းကမှ ပြိုပျက်အောင် မလုပ်နိုင်တော့ပါဘူး၊၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုသည် အောင်မြင်ဖို့၊ အခက်ခဲများကြားကနေ လွတ်မြောက်စေဖို့ အစွမ်းထက်တဲ့လက်နက် တစ် မျိုးဆိုတာကိုယုံရမှာဖြစ်ပါတယ်၊၊
"ပေးကမ်းရက်ရောမှု"
လောကကြီးမှာ သေခြာမြင်ကြည့်တတ်ရင် ယူနေသူတွေသာ များပါတယ်၊ ပေးနေတဲ့သူတွေက အလွန်ပင် နည်းလွန်းလှပါတယ်၊၊ စာပေမှာတော့ "သစ်ပင်တွေက သစ်သီးတွေ၊ ပန်းတွေကို လောကကြီး အတွက်ပေးတယ်တဲ့၊ နွားမတွေက လူသားတို့အတွက် နို့ရည်နဲ့ သူတို့ရဲ့အင်အားတွေကို ပေးပါတယ်တဲ့၊ မြစ်ချောင်း အင်းအိုင်တွေက လူသားတို့အတွက် ရေနဲ့ရေလမ်းကို ဆက်သွယ်ပေးပါတယ်တဲ့၊၊"
ဒီလိုဆိုရင်"လူသားဖြစ်တဲ့သူများကရော လောကကြီးအတွက် ဘာတွေပေးနေပါသလဲ၊" စဉ်းစားသင့်ပါတယ်၊၊ အမှန်ပြောရရင် လူသားတွေဟာ လောကကြီးအတွက် ပေးတာနည်းနည်း ယူတာများများပါ၊၊ ဒါကြောင့်လည်း လောကကြီးက တခါတခါ လူသားတွေဆီကနေ အကြွေးတွေပြန်တောင်းတတ်ပါတယ်၊ အဲဒါတွေကတော့ သဘာဝဘေးဒဏ်တွေပါပဲ၊၊ နာဂစ်မုန်တိုင်းကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဟာ တကယ်တော့ လောကကြီးက သူ့ဆီကအများကြီးယူထားတဲ့ လူသားတို့ဆီကနေ အကြွေးပြန်တောင်းတယ်လို့ဆိုရမှာပါ၊၊ ဒါကြောင့် ပေးကမ်းရက်ရောမှုသည် လောကကြီးဆီက ယူထားမိတဲ့ အကြွေးကိုပြန်လည် ပေးဆပ်ရာ
ရောက်ပါတယ်၊၊
နောက်ပြီး ပေးကမ်းရက်ရောမှုသည် နှမျောဝန်တိုတတ်သူတွေကို အနိုင်ယူဖို့အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူပါတယ်၊၊ (=ဇိနေ ကဒရိယံ ဒါနေန၊)၊၊ လောကကြီးမှာက လည်း ကြည့်လိုက်ရင် နှမျောတတ်၊ တွန့်တိုတတ်တဲ့သူတွေက များတာဆိုတော့ မိမိကသာရက်ရော ပေးကမ်း တတ်သူဖြစ်လျင် စစ်မတိုက်ဘဲ ကမ္ဘာကိုစိုးမိုးလို့တောင်မှရနိုင်ပါတယ်၊၊
ရက်ရောမှုသည် နှမျောဝန်တိုတတ်သူများကို အောင်နိုင်စေသည့်နည်းမျှသာ မဟုက်သေးပါဘူး၊ သူတော် ကောင်းများ မိမိကို ချစ်စေသည့်နည်းလည်း ဖြစ်ပါတယ်၊၊ သူတော်ကောင်းများကချစ်လျင် သူတော်ကောင်း များ၏ လမ်းညွန်မှု၊ ချီးမြှောက်မှုကိုရသဖြင့် မိမိဘ၀တွင် ဘုန်းကြက်သရေ မင်္ဂလာတိုးရုံမျှမကဘဲ စိတ်၏ ပြည့်စုံမှုကိုပါ ရစေတတ်ပါတယ်၊၊
"အမှန်ကိုပြောဆိုတတ်မှု"
လူနှစ်ယောက်ပေါင်းသင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ အသိုင်းဝိုင်းကြီးတွေခြင်း ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ်၊ အမှန်ကို ပြောဆိုတတ်မှုသည် အလွန်အရေးကြီးပါတယ်၊၊ လူတယောက်စကားမှန်ကို မပြောတတ်ဘူးဆိုရင် အခြားဘယ်နေရာတွေမှာ အားသာနေနေ ယုံကြည်ဖို့၊ အလုပ်အတူလုပ်ဖို့ အတော်ကိုခက်သွားပါပြီ၊၊
တချို့က ဘာရယ်လို့မဟုက်ဘဲ၊ အမှားကိုအချိန်ယူပြီး၊ အရသာခံပြောနေတတ်ပါတယ်၊ အစပိုင်းတော့
သိပ်ပြဿနာ မဖြစ်သေးပေမဲ့ တကယ်အလုပ်တခုကို တည်တည်ကြည်ကြည်လုပ်တော့မယ်ဆိုရင်တော့
အများက မယုံတော့တဲ့အတွက် အခက်ကြုံရတတ်ပါတယ်၊၊
ငါးပါးသီလမှာ အမှားပြောမှု=မုသာဝါဒကို အရေးပါဆုံးဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြား ထားပါတယ်၊၊ "အမှားကို အရေးတယူပြောဆိုတတ်သူသည် မလုပ်ဝံ့သော အကုသိုလ်မရှိ"လို့ မြတ်စွာ ဘုရားရှင် မိန့်တော်မူပါတယ်၊၊ ဒါကြောင့်မို့ အမှားကိုမပြောမိဖို့၊ အမှန်ကိုပြောဆိုတတ်ဖို့သည် အလွန်မှ အရေးကြီးပါတယ်၊၊
အသေးအဖွဲကအစ တည်တည်ကြည်ကြည် လေးလေးနက်နက်ပြောတတ်တယ်ဆိုရင်တော့ ချပြစရာ ပညာတတ်လို့ အသိမှတ်ပြုထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ မရှိရင်တောင်မှ ပတ်ဝန်းကျင်က အလိုလိုအလေးထား တာကို ခံရပါတယ်၊၊ တချို့က ပညာတတ်လို့သာ အမည်ခံထားတာ၊ ပါးစပ်ကထွက်လာသမျှကကြတော့
တစ်ခုမှ ပညာရှင်မဆန်တာကို တွေ့ရပြန်ပါတယ်၊၊
ဒီလိုလူမျိုးတွေကို အင်္ဂလိပ်မှာတော့ so called wise လို့ခေါ်မယ်ထင်ပါတယ်၊၊ ပညာတတ် အတုကြီး ဆိုပါတော့၊၊ အတုဆိုမှတော့ ဘယ်မှာလာပြီး အစစ်လောက်ကောင်းမှာလဲ၊၊ ဘ၀တစ်ခု အောင်မြင်ဖို့ ဆိုတာကလည်း တစ်ယောက်တည်း အလုပ် လုပ်လို့ရတာမျိုး မဟုက်ပါဘူး၊ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင် တွေနဲ့ နှီးနှော၊ ပေါင်းသင်းဆက်ဆံပြီး လုပ်ယူရ၊ ကြိုးစားကြရတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လေးစားဖို့၊အထင်ကြီးဖို့က ရာခိုင်နှုံးအတော်များများ အရေးပါပါတယ်၊၊
ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအ ရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊
မြတ်စွာဘုရားရှင်ကလည်း "အမှားကိုလုပ်ကြံပြောဆိုတတ်သူကို မိမိကလေးလေးနက်နက် အမှန်ကို ပြောဆိုခြင်းဖြင့် အနိုင်ယူတတ်ရမယ်"လို့ ဟောကြားတော်မူထားပါတယ်၊၊ (=သစ္စေ နာဠိက ၀ါဒိနံ၊၊) အမှန်ကို ပြောတတ်ဆိုတတ်မှုသည် ဘ၀တစ်ခုအောင်မြင်မှု အတွက်ရော၊ သံသရာအတွက်ပါ အရေး ပါကြောင်းကို ပါဠိစာပေနေရာများစွာမှာ လေ့လာရပါတယ်၊၊
သာမန်အောင်မြင်မှု၊ အခက်ခက်တွေကနေ အောင်မြင်ဖို့အတွက်လောက်ကိုမဆိုသာ၊ လောကသုံးပါးမှာ ဘုရားဖြစ်ဖို့နေရာမှာပင် အမှန်ပြောတတ်တဲ့အလေ့ကို သစ္စာပါရမီလို့နာမည်တပ်ပြီး ဘ၀အသင်္ချေများစွာ ကျင့်သုံးကြရပါတယ်၊၊ အခြားအရာတွေ ခက်သည်ထက်၊ ဘုရားဖြစ်ဖို့ အဆုံးစွန်ခက်ခဲ ကြောင်းပြောနေဖို့ မလိုပါဘူး၊၊
ဤမျှခက်ခဲသည့် အဆင့်ကြီးတခုကိုပင် အမှန်ကိုပြောဆိုတတ်မှုက ပါရမီတစ်ပါးအဖြစ်နဲ့ အထောက် အကူပေးတယ်ဆိုရင် သာမန်ဘ၀အခက်ကိုကျော်လွန်ဖို့၊ သာမန်ရန်တွေကို အောင်မြင်စေတယ် ဆိုတာလောက်ကို စကားအရာပင် ပြောနေဖို့မလိုတော့ပါဘူး၊၊ သေခြာပေါက် အစွမ်းထက်တဲ့ အရည်အခြင်း တစ်ခုပါ၊၊
အနှစ်ချုပ်ကြည့်ကြရအောင်ပါ၊၊ ဘ၀တစ်ခုအောင်မြင်ဖို့၊ အခက်ခဲတွေ၊ ရန်တွေကနေ လွတ်မြောက်ဖို့ နည်းလေးမျိုးကို စာပေမှရယူကြရမှာဖြစ်ပါတယ်၊၊ မေတ္တာ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊ ရက်ရောမှု၊ သစ္စာတို့ဖြစ်ပါတယ်၊၊
ဒီလေးမျိုးသာ မိမိမှာရှိမယ်ဆိုရင် လိုချင်တာကိုရပါတယ်၊၊ ဘုရားတောင်မှဖြစ်စေတဲ့နည်းတွေ ဖြစ်တယ်ဆို တာကို လက်ခံနိုင်တယ်ဆိုရင် အခြားအောင်မြင်မှုလေးများလောက်ကို လုံးဝပေးနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်၊၊ မိမိမှာ မရှိသေးဘူးဆိုရင် ကျင့်ယူရမှာ ဖြစ်ပါတယ်၊၊ နည်းနည်းကနေစပြီး အလုံးစုံပြည့်စုံလာတဲ့အခါ သိပ်ခက်ခဲတဲ့ အကျင့်မဟုက်ဘူးဆိုတာကို သိရမှာပါ၊၊
ယနေ့မျက်မြင်ကြီးပွားတိုးတက်နေသူတွေကို ကြည့်လိုက်ရင် အရည်အခြင်းလေးမျိုးထဲက တစ်ခုခြင်းစီဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ပြည့်စုံနေတာကို တွေ့ရပါတယ်၊၊ ဘာအရည်အခြင်းမှ မရှိဘဲတော့ မအောင်မြင်တတ်ပါဘူး၊၊ မိမိ မတိုးတက်သူဖြစ်နေခဲ့တယ်ဆိုရင် ဒီအရည်အခြင်းတွေထဲမှာ တစ်ခုမှရေရေရာရာ မပြည့်စုံသေးလို့ဆို တာကို အားမနာတမ်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်၊၊
စာဖတ်သူများ မင်္ဂလာရှိတဲ့ ၁၃၇၃၊ခုနှစ်သစ်ရဲ့၊ နှစ်သစ်ကူးမှာ ဘုရားရှင်ပေးတဲ့ အောင်မြင်နည်းလေးမျိုးကို လေ့လာသိမှတ်၊ ကျင့်ကြံသောအားဖြင့် ဘ၀မှာအောင်မြင်ပြည့်စုံသူများ ဖြစ်ကြပါစေ၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂.၄.၂၀၁၁)
*အနတ္တလက္ခဏသုတ်ကို စိစစ်ခြင်း*
“အနတ္တ” ဆိုသည် စကားလုံး၊ အနတ္တဟူသော ဒေသနာဝေါဟာရသည် ဗုဒ္ဓပွင့်မှသာ ကြားခဲ့ရသည့် စကားလုံး ကြားနာခွင့်ရ သည့် စကားလုံးဖြစ်သည်။ ဤတရားတော်ကို ဗုဒ္ဓဟောတော်မူလိုက်သောအခါ သတ္တလောကကြီး တစ်ခုလုံး တုန်လှုပ်သွားသည်။ သတ္တလောကကြီးတစ်ခုလုံးမှာ အရိယာဗြဟ္မာတွေက လွဲ၍ ကျန်သော သတ္တ၀ါအားလုံးသည် “အတ္တ”လို့ ယူဆထားကြသည်။
အနတ္တတဲ့၊ အတ္တမဟုတ်ဘူး မရှိဘူးတဲ့ဟုလည်းကောင်း၊ သြော် အနတ္တပါလား၊ အတ္တဆိုတာ မရှိပါလားဟုလည်းကောင်း၊ ပြောဆို တုန်လှုပ်သွားတတ်ပါတယ်။ ဤ အနတ္တလက္ခဏသုတ်နှင့် စပ်လျဉ်း၍ ပိုမိုရှင်းလင်းအောင် ဗုဒ္ဓဂေါတမ ပွင့်တော်မူသည့် လွန်ခဲ့သည့် ၂၅၅၂-နှစ်မြောက် ကာလကို ပြန်ကြည့်ကြပါစို့။ အဲဒီဗုဒ္ဓပွင့်တော်မူတဲ့ သက္ကရာဇ်သည် မြန်မာတွေ အထင်ကြီး သုံးစွဲနေတဲ့ ခရစ်သက္ကရာဇ်မဟုတ်ပါဘူး။ ခရစ်မပေါ်သေးပါဘူး။
မဟာသက္ကရာဇ် ဖြစ်ပါတယ်။ ဗုဒ္ဓပွင့်တော်မူခဲ့သည့် နှစ်က ၁၀၃-ခုနှစ်ဖြစ်ပါသည်။ အဲဒီမဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် အရုဏ်တက်ချိန်မှာ ဗုဒ္ဓဂေါတမ မဟာဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပါတယ်။ ဘုရားရှင်တိုင်းဟာ ဗုဒ္ဓအဖြစ်သို့ ရောက်လျှင်ရောက်ချင်း တရားဟောတော်မူရိုး မရှိပါ။ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူကြပြီး ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှစ,ကာ ၀ါဆိုလဆန်း ၆-ရက်နေ့ အထိ ၄၉-ရက်တိုင်တိုင် ၀ိမုတ္တသုခလို့ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူရင်း ဟောရမည့် တရားတော်တို့ကို နှလုံးသွင်း ဆင်ခြင်တော်မူပါတယ်။
သိကြပြီးဖြစ်သည့်အတိုင်း ၁၀၃-ခုနှစ် ၀ါဆိုလည်ပြည့်ညဥ့်မှာ ဓမ္မစကြာတရားတော်ကို ဟောတော်မူပါတယ်။ တရားနာပုဂ္ဂိုလ် တွေက…
(၁) ကောဏ္ဍည ရသေ့ကြီး
(၂) ၀ပ္ပ ရသေ့ကြီး
(၃) ဘဒ္ဒိယ ရသေ့ကြီး
(၄) မဟာနာမ ရသေ့ကြီး
(၅) အဿဇိ ရသေ့ကြီး
(၂) ၀ပ္ပ ရသေ့ကြီး
(၃) ဘဒ္ဒိယ ရသေ့ကြီး
(၄) မဟာနာမ ရသေ့ကြီး
(၅) အဿဇိ ရသေ့ကြီး
ဒီရသေ့ကြီး ၅-ဦးနှင့် နတ်ဗြဟ္မာများစွာဖြစ်ပါတယ်။ ဒီရသေ့ ငါးဦးဟာ အတ္တကိလမထ အနုယောဂလမ်းစဉ်ကို ယုံကြည်တဲ့ ရသေ့ကြီးများ ဖြစ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓက “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ”ဟု အစချီကာ ဟောတာဖြစ်ပါတယ်။ ဒီညမှာ ကောဏ္ဍည ရသေ့ကြီး သောတာပန်တည်ပြီး ဧဟိဘိက္ခု ရဟန်းဖြစ်ပြီး နတ်ဗြဟ္မာအပေါင်း ၁၈-ကုဋေလည်း ကျွတ်တမ်းဝင်ပါတယ်။
ဝါဆိုလပြည့်ကျော် -၁ရက်နေ့မှာ ၀ပ္ပရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၂-ရက်နေ့မှာ ဘဒ္ဒိယရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၃-ရက်နေ့မှာ မဟာနာမရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်
ဝါဆိုလပြည့်ကျော် ၄-ရက်နေ့မှာ အဿဇိရသေ့ကြီး သောတာပန်တည်၊ ဧဟိဘိက္ခုဖြစ်ပါတယ်။

ထို့ကြောင့် ၀ါဆိုလပြည့်ကျော် ၄-ရက်နေ့မှာပင် ရသေ့ ၅-ဦးလုံး သောတာပန်ဖြစ်နေကြပါပြီ။ ရသေ့ကြီးငါးဦးလုံးသည် တရားနာရလို့ သောတာပန် အရိယာဖြစ်သောကြောင့် ဗုဒ္ဓက “ဧဟိဘိက္ခု – ရဟန်း, လာလို့” ခေါ်လိုက်တဲ့အခါကျမှ ရသေ့အသွင်ပျောက်ပြီး ၀ါ ၆၀-ကျော်ရ မထေရ်ကြီးများလို ရဟန်းအသွင် ရဟန်းပုံစံနှင့် ဖြစ်လာကြတာ ဖြစ်ပါတယ်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ ရောက်တဲ့အခါ ပဉ္စ၀ဂ္ဂီရဟန်း ငါးပါးကို တစ်စုတစ်ဝေးတည်း ခေါ်တော်မူ၍ “ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့ ရုပ်တရားဟာ အတ္တမဟုတ်ဘူး”လို့ အစချီပြီး ဒီအနတ္တလက္ခဏသုတ်ကို စတင်ဟောကြားတေယ်မူပါတယ်။
ဤနေရာတွင် သတိပြုကြရမည်ဖြစ်ပါတယ်။ ဒီပဉ္စ၀ဂ္ဂီ ရဟန်းငါးပါးသည် သောတာပန် အရိယာကြီးများ ဖြစ်ကြပြီး ဖြစ်သောကြောင့် သက္ကာယဒိဋ္ဌိ မရှိတော့ပါ။ သက္ကာယဒိဋ္ဌိ မရှိတော့လျှင် သက္ကာယဒိဋ္ဌိကို အခြေခံ၍ ဖြစ်လာသည့် ဒိဋ္ဌိ ၆၂-ပါးလုံး ပြုတ်ပြီး ကင်းပြီး ရှင်းပြီး ဖြစ်သွားပါပြီ။ ဒီလို ခန္ဓာငါးပါးနှင့်စပ်ပြီး “အတ္တ”လို့ယူတဲ့ အတ္တဒိဋ္ဌိ မရှိတော့သည့် ရဟန်းတော်ကြီးများကို “ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့ ရုပ်တရားဟာ အတ္တမဟုတ်ဘူး”လို့ ဟောတာဟာ အတ္တဒိဋ္ဌိကို ရည်ညွန်းဟောတာ မဖြစ်နိုင်ပါဘူး။ ဒီလိုဆိုလျှင် “အနတ္တ”ဆိုသည့် စကားလုံးရဲ့ အနက်အဓိပ္ပါယ်က အဘယ်ကို ရည်ရွယ်ပြီး ဟောထားတာ ဖြစ်နိုင်မလဲ။
တကယ်လို့ အတ္တဒိဋ္ဌိကို ရည်ရွယ်ပြီး “အနတ္တာ”လို့ ဟောတော်မူတယ်ဆိုရင် ပဉ္စ၀ဂ္ဂီတို့ကလည်း ရုပ်ဟာအတ္တမဟုတ်ဘူး ဆိုတာ သိပြီး ရှင်းပြီး လင်းပြီးဖြစ်လို့ အကျိုးမရှိပါဘူး။ ဗုဒ္ဓဟာ အကျိုးမရှိသည့် စကားကို အကျိုးမရှိသည့် တရားကို မပြောပါဘူး မဟောပါဘူး။ ဒါကြောင့် “ရူပံ ဘိက္ခဝေ အနတ္တာ”-လို့ချီပြီး ဟောသည့် ဒေသနာမှာပါတဲ့ “အတ္တာ” ဆိုတဲ့စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို စိစစ်ရပါမယ်။
ဤနေရာ၌ အတ္တဆိုသည့် စကားလုံးကို ဒိဋ္ဌိနှင့်ဆိုင်သည် အတ္တနှင့် မာနဆိုင်သည် အတ္တလို့ ခွဲခြားမှတ်သားရပါမယ်။ ဒိဋ္ဌိ နှင့်ဆိုင်သည့် အတ္တဆိုသည်မှာ ခန္ဓာကိုယ်ကို လည်းကောင်း၊ တစ်လောကလုံးကို လည်းကောင်း၊ အစိုးရလျက် မပျက်မစီး အမြဲတည်နေတဲ့ အနှစ်သာရ အမာခံ အတ္တ-လို့ယူတဲ့ အယူဝါဒဖြစ်ပါတယ်။ ဒီအယူဝါဒသည် ကျယ်ဝန်းပါသည်။ ဆိုလိုရင်းကတော့ ခန္ဓာကိုယ်ရော လောကကိုရော အစိုးရတဲ့ မပျက်စီးအမြဲတည်နေတဲ့ အတ္တရှိတယ်လို့ ယူဆတဲ့ အယူပါပဲ။ မြန်မာတို့က အသက်, လိပ်ပြာ, ၀ိညာဉ်ကောင်လို့ယူတယ်။ ဒီအယူဝါဒအတိုင်း အတ္တဆိုတဲ့ စကားကို အဓိပ္ပါယ်ဖေါ်လျှင် …..
ရူပံ အတ္တာ – ရုပ်ဟာ မပျက်မစီး အမြဲတည်တဲ့ အနှစ်သာရ အမာခံ အတ္တပဲ၊ အသက် လိပ်ပြာ ၀ိညာဉ်ကောင်ပဲလို့ အဓိပ္ပါယ်ပြန် ရပါမယ်။ ဒီအတိုင်းပဲ ရူပံ အနတ္တာ -ရုပ်ဟာ မပျက်မစီးအမြဲတည်တဲ့ အနှစ်သာရ အမာခံအတ္တမဟုတ်၊ အသက် လိပ်ပြာ ၀ိညာဉ်ကောင်းမဟုတ်လို့ အနက်အဓိပ္ပါယ် ပြန်ဆိုရပါမယ်။
ပဉ္စ၀ဂ္ဂီငါးဦးတို့သည် အတ္တဒိဋ္ဌိကင်းပြီးဖြစ်လို့ ဗုဒ္ဓက ဒီအဓိပ္ပါယ်နှင့် ဟောတာမဟုတ်ပါဘူး။ ဒီလိုဆိုလျှင် ဘယ်အတ္တကို ရည်ရွယ် တာလဲ။ အဖြေက မာနနှင့်ဆိုသည့် အတ္တကို ဖြုတ်နေတာပါ။ ပဉ္စ၀ဂ္ဂီငါးပါးတို့ဟာ ဧသော မေ အတ္တာ- ဒါ ငါ့အတ္တပဲ လို့ ယူတဲ့ ဒိဋ္ဌိဂ္ဂါဟ ကင်းပေမယ့် ဧသောဟ မသ္မိ- ဒါ ငါပဲ လို့ ထင်မှတ်စွဲယူနေတဲ့ မာနဂ္ဂါဟ ကျန်နေပါတယ်။ မာနဂ္ဂါဟ အစွဲပြုတ်လျှင်လည်း ဧတံ မမ -ဒါ ငါ့ဟာ လို့ စွဲတဲ့ တဏှာဂါဟ ပြုတ်ပါတယ်။ ဒါကြောင့် သညာဝိပလ္လာသ စိတ္တ၀ိပလ္လာသတို့ကြောင့် စွဲနေတဲ့ မာနဂ္ဂါဟကို ဖြုတ်ချင်လို့ ဒီအနတ္တလက္ခ သုတ်တော်ကို ဟောတော်မူတာ ဖြစ်ပါတယ်။
ဒီလိုဆိုလျှင် မာနဂ္ဂါဟနှင့်ဆိုင်တဲ့ အတ္တကဘာလဲ… မာနနှင့်ဆိုင်တဲ့ အတ္တက “ကိုယ်အတ္တဘော”လို့ အနက်ဖေါ်ရတဲ့ အတ္တပဲ။ ဥပမာ… အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒတိ- အတ္တာနံ- ကိုယ့်ကိုယ်ကို၊ ၀ါ- အတ္တဘောကို၊ ၀ဓိတွာ ၀ဓိတွာ- ထု၍ ထု၍၊ ရောဒတိ- ငို၏။ ဤမှာပါသော အတ္တကို “ငါလို့ ကိုယ်လို့ အနက်ပေးရတဲ့ အတ္တပဲ”။ ဒီအတ္တနှင့်စပ်လျဉ်း၍ ထေရအဋ္ဌကထာမှာ ..
“အတ္တဘာဝေါ ဟိ အာဟိတော အဟံ မာနော ဧတ္တာတိ ၀ုစ္စတိ“လို့ဖွင့်တယ်။ အတ္တဘာဝေါ- အတ္တဘောကို၊ ဧတ္ထ- ဤအတ္တ ဘော၌ အဟံ မာနော- ငါဆိုတဲ့မာနကို၊ အာဟိတော- ထားအပ်၏ ထည့်သွင်းအပ်၏။ ဣတိ-ဤသို့ မာနထားရာ မာနထည့်သွင်း ရာဖြစ်သောကြောင့်၊ အတ္တာတိ- အတ္တဟူ၍ ၀ုစ္စတိ- ဆိုအပ်၏။
ဒါကြောင့် သညာဝိပလ္လာသ စိတ္တ၀ိပလ္လာသတို့ကို အခြေခံပြီး “ငါ”လို့ ထောင်လွှားနေတဲ့ မာနကိုပယ်သတ်ရန် “ရူပံ ဘိက္ခဝေ အနတ္တာ”လို့ အစချီပြီး ဟောတော်မူတာဖြစ်ပါတယ်။ ရူပံ- ရုပ်တရားသည်၊ အနတ္တာ- အလိုသို့လိုက်၍ စိုးပိုင်သောတရား မဟုတ်လို့ အနက်ဆို အဓိပ္ပါယ်ယူရပါမယ်။
ဒီအနက်အဓိပ္ပါယ်ဟာ အနတ္တဆိုသည့် ပုဒ်၏ ဟောနိုင်သော အနက်များစွာထဲက “အ၀သ၀တ္တန အနက်” ဖြစ်ပါတယ်။ ဒီအနက် အဓိပ္ပါယ်သည် တိတ္ထိတို့ ကြံဆအပ်တဲ့ အယူဝါဒကို ပယ်ဖျက်တဲ့ အနက်အဓိပ္ပါယ် မဟုတ်ပါ။ ခန္ဓာကိုယ် အတ္တဘောကိုမှီပြီး ဖြစ်ပေါ် ထောင်လွှားနေသော မာနကိုပယ်တဲ့ အနက်အဓိပ္ပါယ် ဖြစ်ပါတယ်။
ဗုဒ္ဓက “ရဟန်းတို့ ရုပ်တရားဟာ အလိုသို့လိုက်၍ စိုးပိုင်သောတရား မဟုတ်၊ ခံစားမှုဝေဒနာဟာ အလိုသို့လိုက်၍ စိုးပိုင်သော တရားမဟုတ်၊ မှတ်သားမှုသညာဟာ အလိုသို့လိုက်၍ စိုးပိုင်သော တရားမဟုတ်၊ စေ့ဆော်မှု သင်္ခါရဟာ အလိုသို့လိုက်၍ စိုးပိုင်သော တရားမဟုတ်၊ သိမှုဝိညာဏ်ဟာ အလိုသို့လိုက်၍ စိုးပိုင်သော တရားမဟုတ်” ဤသို့ ဝေဖန်ရှင်းပြကာ ခန္ဓာကိုယ်အတ္တဘောနှင့် စပ်ပြီး မာန်တက်နေခြင်းကို ပယ်ဖျောက်တော် မူခြင်းဖြစ်ပါတယ်။
ဦးမာနိတာသီရိဘိဝံသ
(သူဋ္ဌေးတန်းကျောင်းဆရာတော်)
မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ မန္တလေးမြို့
(သူဋ္ဌေးတန်းကျောင်းဆရာတော်)
မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ မန္တလေးမြို့
““““““““““““““““““““““
လေးစားရိုသေစွာဖြင့်
ဖိုးသား
ဖိုးသား
Sunday, April 3, 2011
အရှင်သာရိပုတ္တရာ မထေရ်ကြီး၏ နည်းယူဖွယ်ကောင်းသော ဂုဏ်ရည်များ t
မြတ်စွာဘုရား သာသနာတော်၌ ပညာအရာ ဧတဒဂ်ရ ပုဂ္ဂိုလ်မြတ်ကြီး တပါးကား အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးပင် ဖြစ်ပါသည်။ သာရီပုဏ္ဏေးမကြီး၏ သားဦးရတနာတပါး ဖြစ်၏။ ငယ်စဉ်ကပင် ပညာဉာဏ် ထူးချွန်သူဖြစ်၏။ တခုသော နက္ခတ်ပွဲသဘင်၌ လူအများ ပျော်ရွှင်နေသည်ကို ကြည့်၍ အိုဘေး နာဘေး သေဘေးကို မေ့လျော့ပြီး ခေတ္တခဏ ပျော်ရွှင်နေရခြင်းပါကလားဟု သံဝေဂဉာဏ် ရရှိခဲ့၏။ ထိုနေ့မှာပင် အို-နာ-သေ လွတ်ရာ တရားရှာရန် အဖော်သူငယ်ချင်း ကောလိတ (အရှင်မောဂ္ဂလာန် အလောင်းလျာ) နှင့် ဆရာရှာထွက်ခဲ့လေသည်။
ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကြီးကို ဖူးတွေ့ရသဖြင့် ရေကန်အသင့် ကြာအသင့် ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓအောက် တယောက်ဆိုသလို ပညာဂုဏ် ထွန်းတောက်ခဲ့ပေသည်။ ပညာအရာ၌ ငါနှင့် ငါသာ နှိုင်းစရာ-ဟု ဆိုနိုင်လောက်အောင် ထွန်းတောက်ခဲ့သော်လည်း သီတင်းသုံးဖော်တို့အပေါ် ပညာဂုဏ် မမောက်၊ ပညာမာန် မကြီး၊ မိမိကိုယ်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး-သို့ နှိမ့်ချထားပေ၏။
မြတ်ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်လင့်ကစား သီတင်းသုံးဖော်များ နာမကျန်းဖြစ်သည့်အခါ ကိုယ်တိုင် ဂရုတစိုက် ပြုစုစောင့်ရှောက်၏။ လူမှုဒုက္ခများကိုလည်း အတုမဲ့သော နှလုံးသားဖြင့် သည်းခံခွင့်လွှတ်တော်မူ၏။ တနေ့သ၌ ရဟန်းတပါးက အရှင်သာရိပုတ္တရာသည် တပည့်တော်အား ဆဲဆိုရိုက်နှက်သွားပါသည်-ဟု မဟုတ်မမှန် လျှောက်တင်၏။ မြတ်ဗုဒ္ဓက အဖြစ်မှန်ကိုသိသော်လည်း ခေါ်ယူမေးမြန်း၏။ မထေရ်မြတ်က တပည့်တော်သည် အမှိုက်များ၊ ချေးများ စွန့်ပစ်ရာ မြေကြီးပမာ နှိမ်ချသောစိတ် ရှိပါသည်-ဟု လျှောက်ထားလေ၏။
မိမိကိုယ်တိုင် ပညာဧတဒဂ်ဖြစ်သော်လည်း ပညာရှိကို ရိုသေမြတ်နိုးတတ်၏။ တနေ့သော် မထေရ်မြတ်က အရှင်ပုဏ္ဏ-မထေရ်အား ၀ိသုဒ္ဓိခုနစ်တန်ကို မေးလေ၏။ အရှင်ပုဏ္ဏ-မထေရ်က အာဇာနည်မြင်း,ကသော ရထား ၇-တန် ဥပမာဖြင့် ဖြေကြား၏။ မထေရ်မြတ် သဘောကျလှ၍ ပုဏ္ဏ-မထေရ်ကဲ့သို့သော ပညာရှိကို မေးလိုသည့်အခါ အသင့်မေးနိုင်ရန် ဦးခေါင်းပေါ်တင်ထားသင့်၏-ဟု ပညာဂုဏ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါသည်။
လူတို့သည် သူတပါးတို့အား ဆုံးမချင်ကြသလောက် မိမိကိုယ်တိုင် အဆုံးအမ မခံချင်ကြ။ သူတပါးအား ပြစ်တင်ဝေဖန်ချင်ကြသလောက် မိမိကိုယ်ကို ဝေဖန်ခံရမှာ ကြောက်တတ်ကြသည်။ မထေရ်မြတ်ကြီးကား ထိုသို့မဟုတ်။ သူတပါးအား ဆုံးမတတ်သလို မိမိကိုယ်တိုင်လည်း အဆုံးအမကို ခံယူတတ်ပေသည်။ တနေ့တွင် မိမိရှင်ပြုပေးထားသော သာမဏေငယ်အား ရှင်ကျင့်ဝတ်ကို အနည်းအကျဉ်းမျှ သင်ပေးထား၏။ ရှင်ငယ်သည် ထိုနေ့မှာပင် မထေရ်မြတ် သင်္ကန်းဝတ်ပုံ အ၀န်းမညီသည်ကို မြင်သဖြင့်-အရှင်ဘုရား ဤသို့လည်း သင်္ကန်းဝတ်ကောင်းပါသလား-ဟု လျှောက်ထား၏။ ထိုအခါ မိမိသင်္ကန်းဝတ်ပုံ အမှန်တကယ် မညီမှန်းသိ၍ ကွယ်ရာတွင် ညီအောင်ဝတ်ပြီး သာမဏေငယ်အား ပြ၍ အဆုံးအမကို ခံယူ၏။ ခုနစ်နှစ်သား သာမဏေငယ်သည် ငါ့ကို ဆုံးမသည်ဖြစ်စေကာမူ ငါခံယူအံ့-ဟု မိန့်တော်မူလေ၏။
မထေရ်မြတ်သည် တဖက်သား နားဝင်အောင် အဆင့်ဆင့် ဟောတတ်သလို လက်ခံချင်လာအောင်လည်း အထပ်ထပ် ပြောတတ်၏။ မထေရ်မြတ်၏ အမျက်ဖြေတရားမှာ နားဝင်လွယ်ပြီး လက်ခံဖွယ်၊ လိုက်နာဖွယ်လည်း ဖြစ်ပေသည်။ ထိုတရားမှာ-တစုံတယောက်အား အမျက်ဒေါသ ထွက်မည်ကြံလျှင်
၁။ ပံ့သကူ ပုဆိုးကောက်သူသည် ကောင်းနိုးရာကိုသာ ရွေးကောက်သကဲ့သို့ အမူအကျင့် မကောင်းသူဖြစ်မူ နှုတ်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၂။ ရေညှိမှေး တင်နေသော ရေကန်၌ အပေါ်ရေညှိ လှစ်၍ အတွင်းရေကို သောက်ရာသကဲ့သို့ နှုတ်မကောင်းသူဖြစ်ပါက အမူအကျင့်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၃။ ရေငတ်သူသည် နွားခြေရာခွက်၌ရှိသော ရေကို ပုဆစ်တုပ်ဝပ်၍ သောက်ရာသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသူဖြစ်မူ တခါတရံ နှစ်သက်ဖွယ်ရှိသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၎။ အရပ်တပါးသို့ တဦးတည်း ခရီးသွားပြီးလျှင် လမ်း၌ နာမကျန်းဖြစ်၍ ပြုစုစောင့်ရှောက်မည့်သူ မရှိသော လူနာအား မြင်ရသူများ သနားကြသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသည့်အပြင် နှစ်သက်ဖွယ်လည်းမရှိသူ ဖြစ်ပါက-ဪ ဤသူကို လောက၌ ရခဲလေစွတကား-ဟု သနားခြင်းကို ရှေးရှု၍ အမျက်ဖြေပါ။
၅။ ချိန်မြိန်အေးမြသည့် ရေကို သောက်ပြီး စိမ်းလန်းစိုပြည်သော အရိပ်အာဝါသ အောက်တွင် လေညင်းခံကာ အနားယူနေသူသည် နှလုံးမွေ့လျော် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သကဲ့သို့ ကိုယ် နှုတ် နှလုံး သုံးပါးစုံ နှစ်သက်ကောင်းမွန်သူဖြစ်မူ ရန်ငြိုးမဖွဲ့ဘဲ အမြဲမြတ်နိုးပါ။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် သူတပါးအား အမျက်မထား၊ ဒေါသမပွားစေလိုသည်သာမက မိမိကိုယ်တိုင်လည်း ခန္တီတရားနှင့် ပြည့်စုံအောင်နေလေ့ရှိပေသည်။ ဤမျှ လိုက်နာအတုယူ အားကျဖွယ်၊ စံပြုထိုက်ဖွယ်သော ဂုဏ်ရည်တို့နှင့် ပြည့်စုံတော်မူသော မထေရ်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလ၊ မဟာသက္ကရာဇ် ၁၄၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့် မိုးသောက်ယံ အချိန်ဝယ် မိမိ၏ မွေးဖွားသန့်စင်သောအခန်း၌ ခန္ဓာချုပ်ငြိမ်း၍ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့လေသည်။
မြတ်ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝက ပညာဧတဒဂ်ရ မထေရ်မြတ်ကြီးအား ပူဇော်ကန်တော့သည့်အနေဖြင့် ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် မထေရ်မြတ်ကြီး၏ အမူအကျင့် လိုက်နာဖွယ် အားကျဖွယ် စံပြုထိုက်ဖွယ်တို့အား အတုယူပြီး ခန္တီနှလုံး အစဉ်သုံး၍ အို-နာ-သေ လွတ်ရာ မြတ်နိဗ္ဗာန်သို့ မဂ္ဂင်လမ်းဖြင့် တက်လှမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
( ဘဒ္ဒန္တ နာဂသေန-၀မ့်ကွန်, လွိုင်ကော်)

Sunday, March 20, 2011
*မှတ်သားမိသော ကျက်ပွားးမိသော*
သမဏာနစ္စ ဒဿနံ
*မှတ်သားမိသော ကျက်ပွားးမိသော*
ယုံကြည် ကျန်းမာ၊ ဖြောင့်စင်းစွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။
ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ (ဖြောင့်စင်းဖို့ ပြောတာပါပဲ)
စကားလုံးနဲ့ တရားသား ကွဲအောင်သိပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးရမယ်။ ကွဲပြားအောင် ကိုယ့်သန္တာန်မှာ သိမှ ကျင့်လို့ရမှာ။
တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာ ကွယ်ကြောင်းတည်း။
တရားနာတဲ့အခါမှာ အဓိကက မာန မခံရဘူး။ ငါသိပြီးသားလို့ မလုပ်ရဘူး။
အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာရက်ဆက်၊ ဆင်ခြင်အပ်၏။
သာသနာမှာ လာဘ်လာဘ အပူဇော် ဆိုတာက အခက်အရွက်၊ သီလမှာ သောင်တင်တယ် ဆိုတာက အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက အခေါက်၊ အဘိဉာဉ်တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့ အကာပဲ ရှိသေးတယ်တဲ့ နားလည်မလား၊ ဒါဖြင့် အဓိက အနှစ်က ဘာကိုခေါ်လဲ ဆိုတော့ အချိန်မရွေးနော် လွတ်မြောက်ဖို့ ကြိုးစားတဲ့.. လွတ်မြောက်ဖို့ကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး ကာလမရွေးမှာ ဉာဏ်တည့် လွတ်မြောက်ဖို့ သဘောတရား ရဖို့သာ အနှစ်သာရ..
ကိုယ်လိုချင်တာကို တကယ်ပေးနေ၊ ကျွေးနေတာက ကုသိုလ်ဓါတ်၊ ငါလုပ်လို့ ငါစီမံလို့ ရတာမဟုတ်။ *မိုးကုတ် ဆရာတော်ဘုရား*
တရားတွေ နားလည်လာတဲ့အခါ၊ သူတော်ကောင်း ဖြစ်လာတဲ့အခါ အားလုံးကို အရှုံးပေးရတော့တယ်။ *စွန်းလွန်း ဆရာတော်ဘုရား* (ဒီ အဆုံးအမလေးကတော့ ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်း တရားတော်များကနေ မှတ်သားမိတာပါ။)
မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား ထူးခြားမြတ်ဒါန။ *ယောဆရာတော် ဘုရား*
အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။ *ပိုင်းလော့ ဆရာတော်ဘုရား*
နိဗ္ဗာန်လိုချင်ရင် သူများအတင်း မပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်း မပြောနဲ့။ *ထွဋ်ခေါင်ဆရာတော်ဘုရား*
အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။
သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန် ပျက်ပြန် လောကဓံအရှိကို သဘောဥာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။ (ဒီအဆုံးအမလေးကိုတော့ ဓမ္မစေတီ ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်ကနေ မှတ်သားဖြစ်ခဲ့ တာပါ။)
အဆင်မပြေဘူးဆိုတာ စေတနာအထား မှားနေလို့ပါ၊ ပြင်လိုက်ပါ။
ဝီရိယအား လျော့လာတဲ့အခါ သဒ္ဓါတရားနဲ့ လွှမ်းမိုးပါ။
သီလမှာ ဣန္ဒြိယသံဝရ သီလက အမြတ်ဆုံး။ မိမိရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို စောင့်ရှောက်တာ..။
အိုနာသေသို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား၊
ခိုကိုးရာမဲ့ တွယ်ရာမဲ့ အားနွဲ့လှချေပါတကား၊
ကိုယ်ပိုင်ဥစ္စာမရှိပါ ထားကာသွားရ မှာပါတကား၊
လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။
တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင်ခဏ တွေ့ကြရတာ၊ ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေ၊ ရင်ထဲအေးကြပါစေ။
တွေးချင်တာတွေးခွင့် ရှိပါတယ်။ ဒါပေမယ့် တွေးပြီးကြံပြီးတိုင်း အချိန်နဲ့အမျှ ပြီးဆုံးသွားတယ် ဆိုသော်လည်းပဲ အသွေးအသား၊ ရိုးတွင်းချဉ်ဆီအထိ ကိန်းသွားပြီး တစ်ချိန်မှာ အကျိုးပေးတော့မယ် ဆိုတာတော့ သိထားသင့်ပါတယ်။
လောကမှာ မြင်သမျှ၊ တွေ့သမျှအားလုံးသည် ယူတတ်ရင် ကိုယ့်အတွက် စွမ်းအားတွေချည်းပဲ။ သို့သော် ဉာဏ်ဓာတ်မီးနဲ့ ထိုးယူမှရမှာ..။ *ယောဆရာတော်ဘုရား*
အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက် မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ” ကို နုတ်ပယ်၍ “လောက” ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့။ (မောဃရာဇ ပုဏ္ဏားကို ဟောသောတရား)
မှတ်ပါ. မနက်မိုးလင်းတိုင်း နေရမယ့်သက်တမ်း တစ်ရက်လျော့သွားတာကို နှလုံးသွင်းရပါတယ်၊ ဘုရားရှင်ဟောကြားတဲ့ သံသရာရှည်ပုံကိုလည်း ဆင်ခြင်ရပါတယ်။
ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်၊ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်။
ငါ၏ကိုယ်မှာ၊ ဒေါသ၀င်က၊ ၀င်လာဒေါသ၊ အနိုင်ရအောင်၊ ဒေါသကင်းစင်၊ ဘုရားရှင်အား၊ ငါလျှင်ကြည်ညိုမိပါ၏။
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။
ရေကြည်ခြမ်းမျှ၊ ဒေါသမသင့်၊ အကျင့်သီတင်း၊ ကောင်းခြင်းသည်လျှင်၊ တန်ဆာဆင်၏။
လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊ ဘယ်မှာပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှမြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာမျက်ရည် ကျန်မည်နည်း။
ညည်းညူမရှိ၊ မြဲဂတိနှင့်၊ သတိမမေ့၊ ချိန်နေ့သိပြန်၊ မျက်လန်ကြောဆွဲ၊ မရှိဘဲနှင့်၊ သေလည်းမတောင့်တင်း၊ ပုပ်နံ့ကင်းသည်၊ ကျိုးရင်းဝိပဿနာ တန်ခိုးတည်း။ (တော်ကူးဆရာတော်ဘုရား)
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်ဘုရား)
ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊ လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်ဘုရား)
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ (မဟာစည် ဆရာတော်ဘုရား)
မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ရေတွက်မဟုတ်ပေ။
ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ပေ။
ကိုယ်ကျိုးစွန့်ပြီး၊ သူ့အကျိုးလုပ်တာ လူမိုက်၊
သူရောကိုယ်ရော၊ အကျိုးရှိတာလုပ်တာ လူလိမ္မာ။ (ဗုဒ္ဓ)
(မြတ်စွာဘုရားအလောင်းတော် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ပုံကို ကြည့်ပါ။ သူများအကျိုးဆောင်ရင်း မိမိ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့အတွက် အပေးနဲ့ထပ်တူပျော်တဲ့ ပီတိကို အရယူသွားရင်း သူရောကိုယ်ရော အကျိုးရှိတာတွေချည်း ရွက်ဆောင်ခဲ့ပါတယ်။ ဒီနေ့ခေတ် ငါကတော့ မိသားစု စားဝတ်နေရေးအတွက် လုပ်နေရတာ၊ ဟိုအရေး၊ ဒီအရေး ကိစ္စတွေနဲ့ ရှုပ်နေတာ.. တရားတောင် အားမထုတ်နိုင်ပါဘူး ဆိုပြီး ကိုယ်ကျိုးစွန့်တဲ့ သူတွေကတော့ လူမိုက်လား၊ လူလိမ္မာလား စဉ်းစားသာ ကြည့်ပေတော့။)
လူမိုက်နဲ့ ပညာရှိ တခြားသွားရှာမနေပါနဲ့၊ ကိုယ့်သန္တာန်မှာကို ဖြစ်နေတာ၊ အချိန်ပိုင်းလူမိုက်၊ အချိန်ပိုင်း ပညာရှိ။
သင်္ဂဟတရား လေးပါး - ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွားဆောင်လင့်၊ ကိုယ်တူကျင့်၊ မှတ်လင့် သင်္ဂဟာ။
ကာမ,ပျင်းရိ၊ မွတ်သိပ်ဘိနှင့်၊ လိုရှိတဏှာ၊ အိပ်ငိုက်ကာဖြင့်၊ ဘယာဘီရု၊ ယုံမှုကိစ္ဆာ၊ ပယ်ခွါကျေးဇူး၊ ပျော်မြူးခြွေရံ၊ အတ္တုက္ကံသန၊ ဆယ်ပါးပြသည်၊ မှတ်လင့်မာရ်စစ် ဆယ်ပါးတည်း။
ဘယာဘီရု = ကြောက်စိတ်ပေါ်တာ (ဒေါသပဲ)
အတ္တုက္ကံသန = သူများနှိမ့်ချ၊ ကိုယ့်ကိုယ်ကို မြှင့်တင်ခြင်း
(ဤဆယ်ပါးကို ကိလေသာ သုံးဆင့်နဲ့ချိန်- အကြမ်း၊ အလတ်၊ အနု)
ဟိုဘက်,ဒီဘက်၊ ရေလယ်ချက်နှင့်၊ ကျွန်းထက်မတင်၊ လူပင်မဆယ်၊ နတ်မဆယ်ဘဲ၊ ၀ဲဝယ်မမြုပ်၊ ဆွေးမပုပ်သော်၊ သမုဒ်ပင်လယ်၊ ရောက်လိမ့်မယ်။ (ဒါရုက္ခန္ဓော ပမသုတ် - ဆရာတော် ဦးဃောသိတ)
**ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါနှင့်
ဤမှာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖို့ရာ၊ မရှိပါသည်
ခန္ဓာနာမ်ရုပ် မျှပါတကား။
နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၍
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တပါတကား။ (မင်းကွန်းဆရာတော်ဘုရား)
**သစ္စာလေးပါး လင်္ကာ (မင်းကွန်းဆရာတော်ဘုရား)
၁။ ပဋိသန္ဓေ၊ အိုနာသေဟု၊ လေးထွေရင်းမြစ်၊ ဒုက္ခဖြစ်၏၊ မချစ်ယှဉ်တွဲ၊ ချစ်သူကွဲနှင့်၊ လိုလည်းမရ၊ အကျဉ်းပြသော်၊ ပဉ္စဥပါဒါန်၊ ငါးခန္ဓာ၊ သစ္စာဒုက္ခ မှန်မောလှ။ (မှန်မောလှ = မှန်ပေ၏။)
၂။ ဒုက္ခဖြစ်ကြောင်း၊ မကောင်းတဏှာ၊ လောဘမှာ၊ သစ္စာသမုဒယ မှန်မောလှ။
၃။ တဏှာချုပ်ရာ၊ နိဗ္ဗာန်မှာ၊ သစ္စာနိရောဓ၊ မှန်မောလှ။
၎။ နိဗ္ဗာန်ရောက်ကြောင်း၊ ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည်၊ တူညီမဂ္ဂ မှန်မောလှ။
(နံပါတ်တစ်နဲ့ နှစ်ကို စီးဖြန်းပြီးတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါလားလို့ ဆင်ခြင်ပြီး နိဂုံးအဆုံးသတ်ပေးပါ။)
အိုဘယ့်လူသား၊ ငမိုက်သားတို့
သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍
ငါးဖြာအာရုံ၊ ဒုက္ခဘုံကို
အကုန်မမြင်၊ အကောင်းထင်လျက်
ခုံမင်တပ်မက်၊ တွယ်ကာဖက်လျက်
အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်
တဏှာလက်သည်၊ ထင်တိုင်းခြယ်၍
အေးတယ်မရှိ၊ ဆင်းရဲဖိသည်
ဝဋ်၏သားကောင်၊ လုံးလုံးတည်း။
ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ
လွတ်အောင်ရုန်း၍၊ ချမ်းတာတွေ့ဖို့
မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို
အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။
ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်
မသေမနာ၊ မအိုပါခင်
တက်သုတ်နှင်လျက်
စောလျင်မြန်စွာ၊ ရှို့မြှိုက်ပါလော့။
နောင်ခါကာလ၊ ချိန်လွန်ရဟု
နောင်တ, တကြီး၊ သင်မညည်းနဲ့။
ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို
ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို၊ ဦးလိမ့်မယ်။
ဆိုး,ဆိုးမှန်းသိ လူဆိုးပညာရှိ။
ညံ့,ညံ့မှန်းသိ လူညံ့ပညာရှိ။
ဆိုးနေပါလျက် ကောင်းတယ်ထင်၊ ဆိုးမြဲဆိုးမှာပင်။
ညံ့နေပါလျက် တော်တယ်ထင်၊ ညံ့မြဲညံ့မှာပင်။
ထင်ပေါ်ကျော်စောမှု၊ ပစ္စည်းဥစ္စာ.. တွေဟာ ဘေးထွက်ပစ္စည်း၊ အနှစ်သာရက ဘာလဲဆိုရင် တစ်ဖက်သား နှလုံးအေးအောင် ဖန်တီးပေးပြီး ခံစားရတဲ့ ပီတိလေးပဲ၊ အပေးနဲ့ ထပ်တူပျော်တဲ့ ပီတိလေးပါပဲ။
နည်းနည်းချစ်ရင် နည်းနည်းပေးတယ်။
များများချစ်ရင် များများပေးတယ်။
တအားချစ်ရင် အသက်ပါပေးတယ်။
(မေတ္တာကို ပြောတာပါပဲ။)
ကိုယ်ရထားတဲ့ဘ၀ တန်ဖိုးရှိမှန်းလည်း သိပစေ၊ တစ်ချက်မှ မချော်စေနဲ့၊ ကျသွားရင် တက်လမ်းမမြင်ဘူး။ (ပိုင်းလော့ဆရာတော်ဘုရား)
ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားမည်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက်အနာခံသတည်း။
(ခန္တီ ပရမံ တပေါတိ တိက္ခာ)
ပြီးခဲ့တဲ့အတိတ်၊ လာမယ့် အနာဂတ်သည် တကယ်မှ မရှိတာ..၊ အခုတွေးလို့ အခုပေါ်တာကို အတိတ်၊ အနာဂတ် လုပ်နေတာ..။
အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော် ဖြစ်ချင်မှဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်။ (ဒါမှ အနတ္တသေဘာ - သဗ္ဗေဓမ္မာ အနတ္တာ)
အကျိုးတရားကို မပွားပါနဲ့၊ အကြောင်းတရားကိုသာ တည့်အောင်လုပ်ပါ။ (အကျိုးတရားကို ပွားတာက - ကာမစ္ဆန္ဒ၊ ရမလာမှာ စိုးတာက - ဗျာပါဒ)
မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘဝ
အသက်,အနာ၊ ချိန်အခါ
စွန့်ရာ,လားဂတိ။
ရေတွက်ပိုင်းခြား၊ ဤငါးပါး
အများမှန်မသိ။
အကုသိုလ် အကျိုးပေးတယ်ဆိုတာ တခြားမဟုတ်ဘူး၊ မဟုတ်တာကိုမှ ကြိုက်လာတာ၊ မကောင်းတာကိုမှ လုပ်ချင်လာတာ.. (တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား)
ဒိဋ္ဌိမဖြုတ် ဒါနလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် သီလလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် ဘာဝနာလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် ၀ိပဿနာလုပ် ဒုက္ခတွေ့လိမ့်မည်။
(တောင်လေးလုံး ဆရာတော် ဘုရားကြီး)
ဒိဋ္ဌိဖြုတ်နည်း သုံးမျိုး (စာလို ပရိညာသုံးပါး)
အသိဖြုတ် - ဉာတပရိညာ
အပွားဖြုတ် - တိရဏပရိညာ
အပယ်ဖြုတ် - ပဟာနပရိညာ
ဖြစ်ပျက်မမြင်သေးဘဲ ဖြုတ်တာ - အသိဖြုတ်
ဖြစ်ပျက်မြင်ပြီးဖြုတ်တာ - အပွားဖြုတ်
ဖြစ်ပျက်အဆုံး မြင်ပြီးဖြုတ်တာ - အပယ်ဖြုတ်
ဒိဋ္ဌိသက္ကာ၊ မကွာသမျှ၊ လူတွင်စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း။
မမေ့ကြနဲ့၊ သေခြင်းတရားနဲ့ အချိန်းအချက် မရှိဘူး၊ ရည်သန်ထားတဲ့ လောက,ဓမ္မစီးပွား မြန်စွာအားထုတ်ကြ။ (Mingun)
ဇာတိဆိုတာနဲ့ သေမိန့် ကျပြီးသားပဲလေ။ မြေကြီး ကြီးပွားဖို့များ ဘာ့ကြောင့်ဒီလောက် အားစိုက်နေတာလဲ။
တကယ်သိတဲ့ ဘုရား သားသမီးများသည် ကွယ်ရာမှာတောင် မဟုတ်တာ မတွေးရဲဘူး၊ ကိုယ်ရှုံးမှာ သိတာကိုး..။
All that we are is the result of what we have thought.
လောကမှာ တစ်ဦးနဲ့တစ်ဦး ချစ်ကြ၊ ခင်ကြတယ်ဆိုတာ ချမ်းသာပေးတုန်းလေးပါ။
ကိုယ့်ကို ချမ်းသာပေးတယ်ဆိုရင် တွယ်တာပဲလေ.. အဲလို တွယ်လို့လည်း ကျင်လည်ခဲ့ရတဲ့ ဘ၀ပေါင်းက မနည်းတော့ဘူး.. ရန်သူဖြစ်လိုက်၊ မိတ်ဆွေဖြစ်လိုက် လည်နေကြတာ.. ချစ်တယ်ဆိုလည်း သူတို့ပဲ.. မုန်းတယ်ဆိုလည်း သူတို့ပဲ.. မဖြစ်ဘူးတဲ့ဘ၀၊ မရောက်ဖူးတဲ့ဘ၀ မရှိတော့ဘူး.. များစွာလည်း ချမ်းသာဖူးပြီ၊ များစွာလည်း ဆင်းရဲဖူးပြီ.. ရိုးနေပြီလေ..
ရပ်ကွက်အကျိုးဆိုရင် အိမ်အကျိုးကို စွန့်ရပါတယ်။
မြို့ရွာအကျိုး ဆိုရင်တော့ ရပ်ကွက်အကျိုး စွန့်ရတယ်။
တိုင်းပြည်အကျိုး ဆိုရင်တော့ မြို့ရွာအကျိုး စွန့်ခဲ့။
လောကအကျိုးဆို တိုင်းပြည်အကျိုး စွန့်ခဲ့..။
ကိုယ့်အကျိုးဆိုရင်တော့ တစ်လောကလုံးကို စွန့်ရပါတယ်။ (မဃဒေ၀ လင်္ကာမှာလည်း ပါပြီးသားပါ။)
ငါကအစ ဖယ်ရတော့မယ်.. စွန့်ရတော့မယ်.. သဘောပေါက်တယ်နော်.. လွတ်အောင် ရုန်းရမယ်လေ.. မှတ်ထားပါ။ နွံထဲကလူက နွံထဲကလူကို ကယ်လို့ရလား.. ကိုယ်က လွတ်အောင် အရင်ရုန်းရမယ်လို့ မှတ်ကြ..။ အဲတော့ ကိုယ့်လမ်းကိုယ် ရအောင် လျှောက်ကြ.. တစ်ခါမှ မရဖူးတာဆိုလို့ နိဗ္ဗာန်တစ်ခုတည်း ရှိတော့တယ်..
ခုနေသေရင် အကုန်ထားခဲ့ရမယ်..။
ဘာပဲလုပ်လုပ် ဂုဏ်ဓနကို ကြည့်၍ မလုပ်ရ။ ကုသိုလ်ရအောင်သာ လုပ်ပါ။
အလေ့အကျင့် တစ်ခုသည် အရှိန်ရ အားပြည့်လာပါက ၀ါသနာအဖြစ် တည်၏။ (ဆရာတော် သုံးပါး၏ အဆုံးအမကို ပေါင်းထားတာ..။)
အရှိန်ရ အားပြည့်ဆိုတဲ့ စကားက ပဏ္ဍိတာရာမ ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမမှာ ပါတာ။
အလေ့အကျင့် = ကိုယ်ရဲ့ အမူအယာ အလေ့အကျင့်၊ နှုတ်..၊ စိတ်..။
ဝါသနာ = ရာနှုန်းပြည့် သတ္တိကိန်းသွားတာ..။
စာမတတ်ရင် ထောင်ချ။ (စာတစ်ပိုဒ်ဟာ ဘယ်လောက်ပဲခက်ခက် အကြိမ်ပေါင်းတစ်ထောင် မပြတ်နှလုံးသွင်းပါ။)
များများလည်းအံ၊ မြန်မြန်လည်းရ။
တရားကျင့်တယ် ဆိုတာ အို နာ သေ ဆင်းရဲ မလာရေး၊ ဇာတိကုန်ရေး၊ လောကဓံ ခံနိုင်ရေး၊ ဇာတိမကုန်သေးတောင် မပါယ်မကျရေး..၊ သေမယ့် လောကဓံဆင်းရဲ လာတာတောင် ကိုယ်သာနာ၍ စိတ်မနာ ခံနိုင်ရည်ရှိရေး..။
သွားလေးကိုက်တာတောင် ဂျွန်းပစ်အောင် ခံနေရတာ.. (မကျေနပ်စိတ် ဒေါသနဲ့)၊ သေလောက်အောင် ရောဂါလာရင် ခံနိုင်မလား စဉ်းစားပေါ့..။
သေခါနီးလေး တစ်ချက်စဉ်းစားရင်.. မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ.. ဒီအာရုံကြောတွေက သေပြီ၊ ပြဿနာ မရှိတော့..။ ကိုယ်မှာကတော့ မပြတ်လောင်နေသလို.. မနောနဲ့လည်း ဆက်နေမှာ..။
လောင်တော့ကာ လိုချင်တာက အအေး၊ ဖြစ်နေတာက အပူ.. ကွာဟမနေဘူးလား.. အဲလိုကွာဟတော့ ကုသိုလ်လား.. အကုသိုလ်လား.. အကုသိုလ်..။ ဒါကို အပါယ်မကျအောင် ဘယ်လိုထိန်းမလဲ..။
{ဖြစ်အောင်လည်း မပြုနဲ့၊ ပျက်အောင်လည်း မပြုနဲ့၊ ဖြစ်ချင်တာက လောဘ၊ ပျက်ချင်တာက ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိတာက မောဟ.. (သထုံမင်းကွန်း ဇေတ၀န်တောရ ဆရာတော်ဘုရား)}
Forwarded message ----------
From: Pyae Sone Aung

သဘိယ ပရိဗိုဇ်၏အမေး နှင့် မြတ်ဗုဒ္ဓအဖြေ...
အမေးပြဿနာကို သင်ပေးသူက နတ်တစ်ပါး
မေးသူက သဘိယ ပရိဗိုဇ်
အမေးခံရသူက ဆရာ(ဘုရား)ကြီး ၆-ဦး နှင့် မြတ်ဗုဒ္ဓ
ဖြေကြားနိုင်သူက မြတ်ဗုဒ္ဓ
နေရာကတော့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
သဘိယ ပရိဗိုဇ်သည် ဤသို့ မေးလျှောက်ခဲ့ဘူး၏
၁။ အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊
၂။ အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊
၃။ အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
၎။ အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊
၅။ အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၆။ အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၇။ အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊
၈။ အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊
၉။ အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊
၁၀။ အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ (လူလိမ္မာ)ဟူ၍
ဟောကုန်သနည်း၊
၁၁။ အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊
၁၂။ အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊
၁၃။ အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊
၁၄။ အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊
၁၅။ အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊
၁၆။ အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
၁၇။ အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်
သနည်း၊
၁၈။ အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
၁၉။ အဘယ်သို့ သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊
၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊ ဟု
ကျော်စောသူ အယူဝါဒတီထွင်သူ
သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကြကုန်သော
ဆရာ(ဘုရား)ကြီးများ အမည်ခံသူ
ပူရဏကဿပ
မက္ခလိဂေါသာလ
အဇိတကေသကမ္ဗလ
ပကုဓကစ္စာယန
သဉ္စယ ဗေလဋ္ဌပုတ္တ
နိဂဏ္ဌနာဋပုတ္တ
ဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ ထိုအမေး ပြဿနာတို့ကို မေးမြန်း၏။ ထိုဆရာ (ဘုရား)ကြီးများသည် မဖြေနိုင်ကြကုန်၊
ထိုအမေးတို့ကို မြတ်ဗုဒ္ဓမှ ဤသို့ ဖြေကြားတော်မူလေသည်။
၁။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊
သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်းကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊
ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။
၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်) လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။
၃။ မြတ်စွာဘုရား အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊
ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။
၎။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊
ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။
၅။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊
သဘိယ (အကြင်ပုဂ္ဂိုလ်သည် ) မကောင်းမှု အားလုံးတို့ကို အပပြု၍ တည်သော သဘောရှိ၏၊ အညစ်အကြေး ကင်း၏၊ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏၊ သံသရာကို လွန်၍ ပြုဖွယ်ကိစ္စ ပြီးဆုံးပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုအပ်၏။
၆။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏၊ ကောင်းမှု မကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း သိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ် ကို ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုအပ်၏။
၇။ မြတ်စွာဘုရား အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောက အားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် တဏှာဒိဋ္ဌိတို့ဖြင့် ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ လူဟူ၍ လည်းကောင်း၊ နတ်ဟူ၍ လည်းကောင်း ကြံစည်ခြင်းသို့ မရောက်၊
ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ 'နှာတက' ဟူ၍ ဆိုအပ်၏။
၈။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊
အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဉ်မှု အားလုံးတို့ကို လည်းကောင်း၊ အနှောင်အဖွဲ့တို့ကို လည်းကောင်း ဖြေဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုကို မပြုသော 'နာဂ' ဟူ၍ ဆိုအပ်၏။
၉။ မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊
သဘိယ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကို လည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကို လည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကို လည်းကောင်း အာယတန အားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတန အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။
၁၀။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဟောကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီကြ (ကံ)ကို လည်းကောင်း လူ၌ ဖြစ်သော ကျီကြ(ကံ)ကို လည်း ကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကို လည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံ ကျီကြ အားလုံးတို့ကို သိမြင်ပြီး၍ ကျီကြကံ အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ကျီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဆိုအပ်၏။
၁၁။ မြတ်စွာဘုရား အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန် သော အာယတနနှစ်ပါးတို့ကို သိမြင်၍ စင်ကြယ်သော ပညာရှိ၏၊ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ပညာရှိ ဟူ၍ ဆိုအပ်၏။
၁၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ တရားကို လည်းကောင်း သိမြင်၍ ရာဂစသော ကပ်ငြိမှု နှင့် တဏှာဒိဋ္ဌိဟူသော ကွန်ရက်ကို လွန်၍တည်၏၊
ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည် ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။
၁၃။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊
သဘိယ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ ဝေဒကျမ်း အားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏၊ ထိုပုဂ္ဂိုလ်ကို ဝေဒဂူမည်၏ ဟူ၍ ဆိုအပ်၏။
၁၄။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊
အကြင် ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း တဏှာဒိဋ္ဌိမာန ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် နာမ်ရုပ်ဟူသော အနာရောဂါ၏ အမြစ် အဝိဇ္ဇာဘဝတဏှာကို လျော်စွာ သိမြင်၍ ရောဂါ အားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။
၁၅။ မြတ်စွာဘုရား အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှု အားလုံးတို့မှ ကြဉ်ရှောင်၏၊ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏၊ ဝီရိယဟူသော နေရာအိမ်ရှိ၏၊ အကျင့်ပဓာန ရှိသည်ဖြစ်၍ တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ဝီရိယ ရှိသူ ဟူ၍ ဆိုအပ်၏။
၁၆။ မြတ်စွာဘုရား အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
အကြင် ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း
အနှောင်အဖွဲ့ တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏၊ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏၊ ကပ်ငြိမှုအားလုံး၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။
၁၇။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်သနည်း၊
သဘိယ လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရား ဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်း မရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသော တရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူ။
ထိုသူကို အကြားအမြင်များသူ 'သောတ္တိယ' ဟူ၍ ဆိုကြကုန်၏။
၁၈။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကို လည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယ နှစ်ပါး တို့ကို လည်းကောင်း ဖြတ်၍ လေးပါးသော မဂ်ဉာဏ်သို့ ရောက်သဖြင့် သိကြားလိမ္မာ၏၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကို လည်းကောင်း၊ ကာမဂုဏ်တည်း ဟူသော ညွန်ကို လည်းကောင်း ပယ်ဖျောက်၍ တဏှာဒိဋ္ဌိဟူသော ကြံစည်မှု 'ကပ္ပ' သို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။
၁၉။ မြတ်စွာဘုရား အဘယ်သို့သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊
ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက်သင့် ရောက်ထိုက်သော အရဟတ္တ ဖိုလ်သို့ ရောက်၏၊ စရဏတရားတို့၌လည်း လိမ္မာ၏၊ အခါခပ်သိမ်း နိဗ္ဗာန်တရားကိုလည်း သိ၏၊ အလုံးစုံသော ခန္ဓာစသော တရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု 'ပဋိဃ' တို့သည် မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။
၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊
အကြင် ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု 'မာယာ' ကိုလည်းကောင်း၊ မာနကို လည်းကောင်း၊ လောဘ ဒေါသကို လည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇက ဟူ၍ ဆိုကြကုန်၏။ ဟု မြတ်စွာဘုရားသည် မိန့်တော်မူလေ၏။
ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်၏။
အမေးအဖြေအဖြစ် တင်ပြရုံမျှသာ ဖြစ်ပါတယ်…
အစအဆုံးဖတ်နိုင်လျှင် ပိုကောင်းတယ်…
pdf နဲ့တင်ပေးထားမယ် အားသည့်အခါ ဖတ်မှတ်လေ့လာနိုင်ကြပါစေ…
သဘိယသုတ် အစအဆုံး
၆ - သဘိယသုတ်၊ ၃ - မဟာဝဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကနိကာယ်။
http://www.lknt.org/2011/02/blog-post_27.html(ကူးယူဖေါ်ပြပါသည်)
Friday, February 25, 2011
ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး
အခုလက်ရှိဘ၀ကို ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါးနဲ့ ကိုယ်စားပြုတယ်။ စက်ဝိုင်း နံပါတ်(၂)အကွက်မှာရှိတဲ့ တရားငါးပါး- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ခန္ဓာငါးပါးပါပဲ။ ပဋိသန္ဓေ၀ိညာဏ်ကတော့ ပြီးခဲ့ပြီ။ အခုနေနေရတာက ပ၀တ္တိဝိညာဏ်နဲ့နေနေရတာ။ နာမ်ရုပ်တွေကတော့ သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာက နာမ်၊ စားတာက ရုပ်။ အိပ်ချင်တာက နာမ်၊ အိပ်တာကရုပ်- စသည်ဖြင့် ခွဲခြားသိထားလိုက်ပါ။ အခုလက်ရှိခန္ဓာထဲမှာ နာမ်ရုပ်တွေပဲ ရှိနေတယ်။ သဠာယတနဆိုတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်။ အာရုံတွေ တွေ့ထိတာက ဖဿ။ အာရုံတွေကို ခံစားတာက ဝေဒနာ။ အခု ဘာတွေနဲ့နေနေရတာလဲဆိုရင် ဒီ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေနဲ့နေနေရတာ။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ကိုယ့်ခန္ဓာထဲမှာ ရုပ်ပဲပေါ်ပေါ်၊ နာမ်ပဲပေါ်ပေါ်၊ ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ။ ဘယ်အခါရှုရှု ဖြစ်မှု ပျက်မှုတွေ့တာသည် ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒီခန္ဓာထဲမှာ ရှိတာမှန်သမျှကလဲ ဖြစ်မှု ပျက်မှုတွေပဲဆိုတော့ ဒုက္ခသစ္စာဆိုတာ ငြင်းဖို့မလိုတော့ဘူး။
ကိုယ့်သန္တာန်မှာရှိတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးတစ်လွှာ။ သစ္စာအားဖြင့် ဒုက္ခသစ္စာ။ ဒါဖြင့် လူ့ဘ၀ကြီးက ဒုက္ခသစ္စာကြီးပဲ။ ဘာသစ္စာနဲ့ နေနေကြရသလဲဆိုရင် ဒုက္ခသစ္စာနဲ့ နေနေကြရတာ။ ဘာဒုက္ခသစ္စာလဲဆိုရင် ဖြစ်ပျက်ဒုက္ခသစ္စာ။ သြော်- လူ့ဘ၀ရတာဟာ ဒုက္ခသစ္စာကြီးရတာပဲ။ သာမညအနေနဲ့သာ လူ့ချမ်းသာလို့ပြောနေကြတာ၊ တကယ်တော့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးပါပဲ။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ်ခံစားရပါလို၏ဆိုတော့ ဟောဒီ (၂)အကွက်ထဲက ဒုက္ခသစ္စာ အဖန်ဖန်ကြုံတွေ့ရပါလို၏ ဆိုတဲ့ သဘောသက်ရောက်သွားတယ်။ ဒီလိုဆိုတော့ ကုသိုလ်ပြုပြီး ဒီလိုသာဆုတောင်းရင် (၂)နံပါတ် ဒုက္ခသစ္စာချောက်ထဲ ကျဖို့ပဲရှိတော့တယ်။ အခုလက်ရှိမှာပဲ ဒီချောက်ထဲကျနေပြီ။ ဘာလို့ ဒီချောက်ထဲ ကျရပါလိမ့်မလဲဆိုတော့ (၁)နံပါတ်ကို ပြန်ကြည့်။ အ၀ိဇ္ဇာက ဒုက္ခသစ္စာကိုမသိဘူး။ ဘ၀ဟာ ဒုက္ခသစ္စာလို့ သူကမသိဘူး။ မသိတော့ ဘုံဘ၀လိုချင်တဲ့ တဏှာနဲ့ ကုသိုလ်သင်္ခါရတွေ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတော့ ဒီ (၂)နံပါတ်အကွက်ထဲ ပြန်ရောက်ရတယ်။ အ၀ိဇ္ဇာက မသိလို့ သင်္ခါရဆိုတဲ့ ကုသိုလ်တွေလုပ်၊ လူ့ဘ၀ နတ်ဘ၀ တဏှာနဲ့ တောင့်တ၊ ဥပါဒါန်နဲ့စွဲလမ်း၊ ကာယကံ ၀စီကံနဲ့ အားထုတ်တော့ သေသည်၏အခြားမဲ့၌ (၁)နဲ့ (၂)စပ်သွားတယ်။ ဘာသစ္စာရလိုက်လဲဆိုတော့ ဒုက္ခသစ္စာကြီး ရလိုက်တာ။
အ၀ိဇ္ဇာက မသိတာ၊ သင်္ခါရက ကုသိုလ်တွေလုပ်တာ။ သြော်- မသိတဲ့ပုဂ္ဂိုလ်ကုသိုလ်လုပ်တာ ရလိုက်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးရလိုက်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ။ ဆက်သွားပြီ။ မသိတာက အ၀ိဇ္ဇာ၊ ဘုံဘ၀တောင့်တ ကုသိုလ်လုပ်တာက သင်္ခါရ။ အ၀ိဇ္ဇာနဲ့ သင်္ခါရကြောင့် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာရတာ။ ဒုက္ခသစ္စာမသိလို့ ဒုက္ခသစ္စာရကြောင်း ကုသိုလ်တွေလုပ်တယ်။ လုပ်ခြင်းကြောင့် သေသည်၏အခြားမဲ့၌ ဟောဒီခန္ဓာငါးပါးပြန်ရတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဘယ်ကာလမှာလဲဆိုရင် ပစ္စုပ္ပန်အကျိုးတစ်လွှာဆိုတော့ ပစ္စုပ္ပန်ကာလ။ အိုနာသေဘေးတွေက မလွတ်နိုင်တာ၊ ဖြစ်ပျက်ဘေးတွေက မလွတ်နိုင်တာ ဘာကြောင့်လဲဆိုတော့ ဒုက္ခသစ္စာနဲ့ အတူနေနေရလို့။ ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာကြီး ဘယ်သူပြုလုပ်လိုက်တာလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရက ပြုလုပ်လိုက်တာ။ သိကြား ဗြဟ္မာ ဘုရားလာဖန်းဆင်းထားတဲ့ ခန္ဓာကြီးမဟုတ်ဘူး။
အ၀ိဇ္ဇာက ဒုက္ခသစ္စာမသိတာ၊ မသိတော့ သင်္ခါရက ဒါနကုသိုလ်ပြုလုပ်တယ်။ ဒါကို ပုညာဘိသင်္ခါရလို့ ခေါ်တယ်။ ပုညဆိုတာ ကုသိုလ်ပါပဲ၊ ဒါပေမယ့် သင်္ခါရ- ပြုပြင်လိမ့်မယ်-တဲ့။ ဘာပြုပြင်မှာာလဲဆိုတော့ ဒုက္ခသစ္စာကို ပြုပြင်မှာ။ ပြုပြင်တော့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒီတရာငါးပါး ရလာတာ။ ပစ္စုပ္ပန်အကျိုးတစ်လွှာ။ အကြောင်းရှာတော့ အ၀ိဇ္ဇာ သင်္ခါရပဲ တွေ့ရတယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာစီမံသလို သင်္ခါရက ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးထဲမှာ ဇာတိလဲ ပါတယ်။ ဇရာ ဗျာဓိ မရဏတွေလဲ ပါတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်တာ။
ဒေါက်တာအရှင်ပါရမီ
Wednesday, February 23, 2011
သင်္ခါရသုံးမျိုး အကျိုးပေးအတူတူ
အ၀ိဇ္ဇာသည် ဒုက္ခသစ္စာကိုသာ သူမသိတာမဟုတ်သေးဘူး၊ သမုဒယသစ္စာလဲ သူမသိဘူး။ သမုဒယသစ္စာလဲ သူမသိတော့ တဏှာ ဥပါဒါန်နဲ့ ဆုအတောင်းခိုင်းတယ်။ ဆုတောင်းတော့ ဒုတိယဘ၀ ရလာတယ်။ ဒုက္ခသစ္စာရလိုက်တာပဲ။ ပြီးတော့ နိရောဓသစ္စာလဲ သူမသိဘူး။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို နိရောဓသစ္စာ ထင်နေတာ။ စင်စစ်က ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ မဂ္ဂသစ္စာလဲ သူမသိဘူးတဲ့။ မဂ္ဂသစ္စာမသိတော့ ဘုံဘ၀ရောက်ကြောင်း ကုသိုလ်သင်္ခါရကို ချမ်းသာသုခရကြောင်း အစစ်ထင်ပြီးလုပ်တော့ ဘုံဘ၀ ဒုက္ခသစ္စာပဲ ပြန်ရနေတယ်။ ဒါဖြင့် အ၀ိဇ္ဇာသည် သစ္စာလေးပါးလုံးကို မသိတာပဲလို့ မှတ်လိုက်။ အ၀ိဇ္ဇာက သစ္စာလေးပါးမသိတော့ ဒုက္ခသစ္စာချည်း ပြန်ရနေတယ်။
သစ္စာမသိတဲ့ အ၀ိဇ္ဇာက ဦးဆောင်ပြီး သားရေး သမီးရေး စီးပွားရေးကြောင့် မုဆိုး တံငါလုပ်၊ လိမ်လည်ကောက်ကျစ် အသက်မွေးကြမယ်ဆိုရင် အပုညာဘိသင်္ခါရာ။ အပုည-က အကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာ။ အကုသိုလ်က ပြုပြင်တော့ စုတေမနေ သေလွန်တဲ့အခါ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ်။ ကုသိုလ်လုပ်တော့လဲ လူနတ်ဗြဟ္မာခန္ဓာငါးပါး၊ ပုညာဘိသင်္ခါရာ၊ ဒုက္ခသစ္စာပဲ။ အကုသိုလ်လုပ်တော့လဲ အပါယ်ခန္ဓာငါးပါး၊ ဒုက္ခသစ္စာပဲ။ ဒီနေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတာက `ကျောင်းဒကာ ဘုရားဒကာနဲ့ နွားသတ်သမား အတူတူပဲ´တဲ့။ ကျောင်းဒကာလဲ အ၀ိဇ္ဇာနဲ့ နောက်ဘ၀လိုချင်စိတ်နဲ့ ကုသိုလ်လုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ နွားသတ်သမားလဲ အ၀ိဇ္ဇာနဲ့ အကုသိုလ်သင်္ခါရလုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ သစ္စာမှာ သွားပြီး တူနေတာ။
သို့သော် သစ္စာအနေနဲ့တော့ မထူးပါဘူးတဲ့။ ကျောင်းဒကာ ဘုရားဒကာက လူနတ်ဗြဟ္မာ သုဂတိ ဒုက္ခသစ္စာ။ နွားသတ်သမားကတော့ အပါယ်လေးပါး ဒုဂ္ဂတိ ဒုက္ခသစ္စာ။ ဒီလိုတော့ မိုးနဲ့ မြေလို ကွာခြားပါတယ်။ သစ္စာအနေနဲ့တော့ အတူတူပါပဲ။ သစ္စာမှာတူပေမယ့် သုဂတိ ဒုဂ္ဂတိခွဲလိုက်ဦး။ သစ္စာမှာတော့ တူတယ်၊ သုဂတိ ဒုဂ္ဂတိမှာတော့ မတူဘူး။ သို့သော် ဒုက္ခသစ္စာသာရမယ်ဆိုရင်တော့ ဘယ်ဟာမှ မကောင်းဘူး။ သုဂတိဒုက္ခသစ္စာလဲ ကြိုက်စရာမရှိသလို ဒုဂ္ဂတိဒုက္ခသစ္စာလဲ ကြိုက်စရာမရှိဘူး။ ဒုက္ခသစ္စာချင်းအတူတူ ဘယ်ဒုက္ခမှ မကြိုက်နဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာနဲ့ပြောရမယ်ဆိုရင်`ပွေးကိုင်းစားပြီး ၀မ်းလျှော သေချင်သလား၊ သရက်သီးမျိုးကောင်းတွေ စားပြီး ၀မ်းလျှောသေချင်သလား၊ ဘယ်ဟာနဲ့ လျှောသေချင်သတုံး၊ ၀မ်းလျှော သေတာကတော့ အတူတူပဲ´။ လူ့ခန္ဓာလဲ ဒုက္ခသစ္စာ၊ တိရစ္ဆာန်ခန္ဓာလဲ ဒုက္ခသစ္စာ၊ သုဂတိဝမ်းလျှောချင်လား၊ ဒုဂ္ဂတိဝမ်းလျှောချင်သလား။ မလျှောချင်ပါဘူးဆိုရင်တော့ ပြင်လို့ရပါတယ်တဲ့။
လူ့ဘ၀ တိရစ္ဆာန်ဘ၀ ဒုက္ခသစ္စာချင်း ဘာလို့လာတူနေရတာလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရ- အကြောင်းက တူနေတယ်။ အကြောင်းတူတော့ အကျိုးသစ္စာကလဲ တူပေးရတယ်။ ဒီအ၀ိဇ္ဇာ သင်္ခါရ အကြောင်းနှစ်ခုကို နားမလည်တော့ အချို့ဘာသာတွေမှာ ထာဝရဘုရားက ဖန်ဆင်းတယ်တဲ့။ တကယ်တော့ မသိလို့ ကုသိုလ်လုပ်တော့ သုဂတိခန္ဓာရတယ်။ မသိလို့ အကုသိုလ်လုပ်တော့ ဒုဂ္ဂတိခန္ဓာရတယ်။ ခန္ဓာဖြစ်ကြောင်းမှန်သမျှ အ၀ိဇ္ဇာ သင်္ခါရချည်းပဲလို့သာ မှတ်ထားလိုက်။ အ၀ိဇ္ဇာရှိတဲ့ပုဂ္ဂိုလ် သင်္ခါရပြုတာပဲ။ အ၀ိဇ္ဇာက (၂)အကွက်မှာ ဒုက္ခသစ္စာလာရမှာကို မသိဘူး။ မသိတော့ ကုသိုလ်တွေပြု။ လူ့ဘ၀ နတ်ဘ၀ ဒုက္ခသစ္စာလို့သူမသိဘူး။ မသိတဲ့အတိုင်း ဒီဘုံဘ၀တွေ တောင့်တ ကုသိုလ်တွေ ပြုတော့ ပြုတဲ့အတိုင်း ရ ထားတာပဲ။ ငါလုပ်လို့ ဘာမှ အပြစ်မရှိဘူးလို့ခံယူပြီး ဒုက္ခသစ္စာမသိတာနဲ့ အကုသိုလ်တွေလုပ်တော့ (၂)အကွက်ထဲမှာ အပါယ်လေးပါး ခန္ဓာ ဒုဂ္ဂတိဒုက္ခသစ္စာ လာပေါ်ရတယ်။ မသိလို့ လုပ်တာဟူသမျှ ဒုက္ခသစ္စာအကျိုးပဲပေးတယ်။ ကုသိုလ်လုပ်လဲ ဒုက္ခသစ္စာ အကျိုးပေးတယ်၊ အကုသိုလ်လုပ်လဲ ဒုက္ခသစ္စာ အကျိုးပေးတယ်ဆိုတော့ အကုသိုလ်မှ ကြောက်စရာကောင်းတာမဟုတ်ဘူး၊ ကုသိုလ်လဲ ကြောက်စရာကုသိုလ်ရှိသေးတယ်တဲ့။
ဒီကုသိုလ် အကုသိုလ်တွေအပြင် ဈာန်သမာပတ်တွေ အားထုတ်တဲ့ကုသိုလ်တွေလဲ ရှိသေးတယ်။ ဈာန်ကုသိုလ်တွေလုပ်တော့ (၂)အကွက်မှာ ဗြဟ္မာခန္ဓာငါးပါးလာပေါ်တယ်။ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာပဲ။ ဒီတော့ ဈာန်လမ်းဟာလဲ ဒုက္ခသစ္စာပဲလို့ သဘောကျ။ မသိရင်တော့ ဗြဟ္မာတွေ အလွန်ချမ်းသာတယ်ထင်နေမှာပဲ။ အကျိုးပေးတော့ ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာပဲ။ ဒါကြောင့် အ၀ိဇ္ဇာပစ္စယာ အာနဉ္ဇာဘိသင်္ခါရာ ဆိုပြီး ဟောရပြန်တယ်။ ဒါကြောင့် လှူတော့ တန်းတော့မယ် ကုသိုလ်ပြုတော့မယ်ဆိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးက `မလှူပါနဲ့ဦး၊ သိပြီးမှ လှူပါ´ လို့မိန့်တော်မူတာ။ ဘာသိပြီးမှ လှူရမှာလဲဆိုရင် သစ္စာသိပြီးမှ လှူရမှာပါ။ ဒုက္ခသစ္စာမှ ကျွတ်လိုလို့ လှူဒါန်းပါတယ်ဆိုတော့ နိဗ္ဗာန်အကျိုးပေးတယ်။ ဒုတိယအကွက်မလာတော့ဘူး။ ကုသိုလ်လုပ်စဉ် ဒုက္ခသစ္စာကို သိပြီးမှလုပ်မယ်ဆိုရင် ဒုက္ခသစ္စာမှ ကျွတ်လို လွတ်လိုလို့ လှူဒါန်းပါတယ်ဆိုရင် ဒုတိယအကွက် ဒုက္ခသစ္စာ မလာတော့ဘူး။ လှူကတည်းက ဒုက္ခသစ္စာကြောက်ပြီးလှူတာဖြစ်တော့ ဒုက္ခသစ္စာ သူမရတော့ဘူး။ ဒုက္ခသစ္စာ မရလို့ရှိရင် သုခသစ္စာကိုသာ ရတော့မယ်။ သုခသစ္စာဆိုတာ နိရောဓသစ္စာကိုပြောတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ပါပဲ။
ဒေါက်တာအရှင်ပါရမီ
http://www.myakyunthar.com/?p=941ကူးယူဖေါ်ပြပါသည်Sunday, February 20, 2011
သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်
မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍအမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလဂူတွင် သီတင်းသုံးနေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက်ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားလိုသည့် စိတ်ကူးဖြစ်ပေါ်ခဲ့၏။ ထိုအကြံကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ်များနှင့်အတူ ဘုရားရှင်ရှိတော်မူရာ အရပ်သို့ ရောက်ရှိလာပြီး ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် မိမိသိလိုသည်များကို မေးလျှောက်လေ၏။
ထိုသို့ သိကြားမင်းမေးသဖြင့် ဘုရားရှင်ကိုယ်တိုင် ဖြေကြားဟောတော်မူပေးမှုကို သုတ္တန်အမည်တစ်ခုအဖြစ် မှတ်တမ်းတင်ထားပါ၏။ ထိုသုတ္တန်၏အမည်ကား “သက္ကပဥှ“သုတ်တော်ပင် ဖြစ်ပါ၏။ သက္ကဟူသည် သိကြားဟုအဓိပ္ပါယ်ရပြီး ပဥှသည်ကား အမေးပုစ္ဆာဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် စာဖတ်သူများ အလွယ်နားလည်နိုင်စေရန် ဤနေရာ၌ “သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်“ဟူ၍ ခေါင်းစဉ်တစ်ခုတပ်ကာ သိကြားမင်းနှင့် ဘုရားရှင်တို့၏ အမေးအဖြေများကို မှတ်သားနာယူ ကြည်ညိုပြီး လိုက်နာကျင့်သုံးနိုင်ရန် အများနာလည်နိုင်မည့် စကားအသုံးများဖြင့် တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။
ပရိတ်သတ်အခြံအရံများဖြင့် ဘုရားရှင်ထံ ရောက်လာသည့် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြှော်ပြီး မိမိသိလိုသည်များနှင့် စပ်လျဉ်း၍ ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို ရယူကာ မေးခွန်းများ စတင်မေးလျှောက် လေတော့၏။
သိကြားမင်းအမေး…“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“
မြတ်စွာဘုရား…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ဟုတ်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှစ်သက်ခြင်း သောမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)
ဒီလိုပဲ နှစ်လုံးမသာခြင်း ဒေါမနဿမှာလည်း မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿလို့ နှစ်မျိုးရှိပြီး ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီဒေါမနဿကို မမှီဝဲအပ်ဘဲ၊ ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီဒေါမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီနှလုံးမသာခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ နှလုံးမသာခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှလုံးမသာခြင်း ဒေါမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)
လျစ်လျူရှုခြင်း ဥပေက္ခာမှာလည်း မှီဝဲအပ်၊ မမှီဝဲအပ်တဲ့ ဥပေက္ခာလို့ နှစ်မျိုးရှိပြီး မှီဝဲသဖြင့် အကုသိုလ်တရားတိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်ပါက အဲဒီဥပေက္ခာကို မမှီဝဲအပ်ဘဲ မှီဝဲသဖြင့် အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရားတိုးပွားပါက အဲဒီဥပေက္ခာကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီလျစ်လျူရှုခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ လျစ်လျူရှုခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် လျစ်လျူရှုခြင်း ဥပေက္ခာကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)
သိကြားမင်း…ဆိုခဲ့ပြီးတဲ့အတိုင်း သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူသော ဝေဒနာကမ္မဋ္ဌာန်းကို လိုက်နာကျင့်ကြံ အားထုတ်နိုင်ပါက သံသရာချဲ့ထွင်တတ်တဲ့ တဏှာမာနဒိဋ္ဌိဆိုတဲ့ တရားများ ချုပ်ငြိမ်းစေမည်ဖြစ်ပြီး နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်စေပါတယ်“
အထက်ပါ ဖော်ပြချက်များကား သက္ကပဥှသုတ်တွင် ဟောတော်မူထားသည့် မြတ်စွာဘုရားရှင်နှင့် သိကြားမင်းတို့၏ အမေးအဖြေ ဆွေးနွေးခန်း တစ်စိတ်တစ်ပိုင်းဖြစ်ပါ၏။ ထိုအမေးအဖြေများကို ကြည်ညိုကြည့်ပါက သတ္တ၀ါတို့၏ သံသရာဒုက္ခ၊ ခန္ဓာဝန်ဒုက္ခများ၏ အခြေခံဖြစ်ပေါ်ကြောင်းများ၊ ထိုတရားများကြောင့် ဘ၀တွင် မည်မျှဒုက္ခများနှင့် ကြုံတွေ့နေရကြောင်းများကို သိရှိနိုင်မည်ဖြစ်ပြီး ထိုဒုက္ခများချုပ်ရာ အကျင့်ကိုလည်း မှတ်သားနာယူနိုင်မည် ဖြစ်ပါ၏။ သံသရာချဲ့ထွင်တတ်သည့် တဏှာမာနဒိဋ္ဌိဟူသော ပပဉ္စတရားများကြောင့် ကြံစည်ခြင်း ၀ိတက်ဖြစ်ပေါ်လာကြောင်း၊ ၀ိတက်ဖြစ်ခြင်းကြောင့် လိုချင်ခြင်း ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊ ဆန္ဒဖြစ်ခြင်းကြောင့် ချစ်ခြင်းမုန်းခြင်း ဖြစ်ပေါ်လာကြောင်း၊ ချစ်ခြင်းမုန်းခြင်း ဖြစ်ခြင်းကြောင့် မနာလိုခြင်း ဣဿာ ၀န်တိုခြင်း မစ္ဆရိယ ဖြစ်ပေါ်လာကြောင်း ထိုဣဿာမစ္ဆရိယကြောင့်ပင် သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်း၊ ဒဏ်ထားခြင်း၊ ရန်ပြုခြင်း၊ စိတ်ဆင်းရဲစေခြင်း၊ အမျက်ထွက်စေခြင်းများ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ အခြေခံကား တဏှာမာနဒိဋ္ဌိဟူသည့် သံသရာချဲ့ထွင်တတ်သည့် တရားများကြောင့်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်ဖြစ်၏။ ထိုသံသရာ ချဲ့ထွင်တတ်သည့် တရားများ ချုပ်ငြိမ်းစေရန်အတွက်လည်း ဘုရားရှင်ပေးတော်မူသည့်နည်းမှာ ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်စေနည်းပင် ဖြစ်၏။ ထို့ကြောင့် ဒုက္ခအပေါင်းဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းဖြစ်သည့် တဏှာမာနဒိဋ္ဌိဟူသော သံသရာချဲ့တတ်သည့် တရားများကို ဝေဒနာကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းဖြင့် အလျင်အမြန် ချုပ်ငြိမ်းစေရန် အချိန်ရှိခိုက် ကြိုးစားနိုင်ကြဖို့ သိကြားမေး၍ ဘုရားရှင်ဖြေထားသည့် နည်းကိုယူကာ တစ်ဆင့်ပြန်လည် မျှဝေပေးလိုက်ရပေတော့ သတည်း။ သာဓု… သာဓု… သာဓု…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)
ထိုသို့ သိကြားမင်းမေးသဖြင့် ဘုရားရှင်ကိုယ်တိုင် ဖြေကြားဟောတော်မူပေးမှုကို သုတ္တန်အမည်တစ်ခုအဖြစ် မှတ်တမ်းတင်ထားပါ၏။ ထိုသုတ္တန်၏အမည်ကား “သက္ကပဥှ“သုတ်တော်ပင် ဖြစ်ပါ၏။ သက္ကဟူသည် သိကြားဟုအဓိပ္ပါယ်ရပြီး ပဥှသည်ကား အမေးပုစ္ဆာဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် စာဖတ်သူများ အလွယ်နားလည်နိုင်စေရန် ဤနေရာ၌ “သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်“ဟူ၍ ခေါင်းစဉ်တစ်ခုတပ်ကာ သိကြားမင်းနှင့် ဘုရားရှင်တို့၏ အမေးအဖြေများကို မှတ်သားနာယူ ကြည်ညိုပြီး လိုက်နာကျင့်သုံးနိုင်ရန် အများနာလည်နိုင်မည့် စကားအသုံးများဖြင့် တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။
ပရိတ်သတ်အခြံအရံများဖြင့် ဘုရားရှင်ထံ ရောက်လာသည့် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြှော်ပြီး မိမိသိလိုသည်များနှင့် စပ်လျဉ်း၍ ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို ရယူကာ မေးခွန်းများ စတင်မေးလျှောက် လေတော့၏။
သိကြားမင်းအမေး…“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲ
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“
မြတ်စွာဘုရား…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“
သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“
မြတ်စွာဘုရား…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ဟုတ်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှစ်သက်ခြင်း သောမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)
ဒီလိုပဲ နှစ်လုံးမသာခြင်း ဒေါမနဿမှာလည်း မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿလို့ နှစ်မျိုးရှိပြီး ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီဒေါမနဿကို မမှီဝဲအပ်ဘဲ၊ ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီဒေါမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီနှလုံးမသာခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ နှလုံးမသာခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှလုံးမသာခြင်း ဒေါမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)
လျစ်လျူရှုခြင်း ဥပေက္ခာမှာလည်း မှီဝဲအပ်၊ မမှီဝဲအပ်တဲ့ ဥပေက္ခာလို့ နှစ်မျိုးရှိပြီး မှီဝဲသဖြင့် အကုသိုလ်တရားတိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်ပါက အဲဒီဥပေက္ခာကို မမှီဝဲအပ်ဘဲ မှီဝဲသဖြင့် အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရားတိုးပွားပါက အဲဒီဥပေက္ခာကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီလျစ်လျူရှုခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ လျစ်လျူရှုခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် လျစ်လျူရှုခြင်း ဥပေက္ခာကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)
သိကြားမင်း…ဆိုခဲ့ပြီးတဲ့အတိုင်
အထက်ပါ ဖော်ပြချက်များကား သက္ကပဥှသုတ်တွင် ဟောတော်မူထားသည့် မြတ်စွာဘုရားရှင်နှင့် သိကြားမင်းတို့၏ အမေးအဖြေ ဆွေးနွေးခန်း တစ်စိတ်တစ်ပိုင်းဖြစ်ပါ၏။ ထိုအမေးအဖြေများကို ကြည်ညိုကြည့်ပါက သတ္တ၀ါတို့၏ သံသရာဒုက္ခ၊ ခန္ဓာဝန်ဒုက္ခများ၏ အခြေခံဖြစ်ပေါ်ကြောင်းများ၊ ထိုတရားများကြောင့် ဘ၀တွင် မည်မျှဒုက္ခများနှင့် ကြုံတွေ့နေရကြောင်းများကို သိရှိနိုင်မည်ဖြစ်ပြီး ထိုဒုက္ခများချုပ်ရာ အကျင့်ကိုလည်း မှတ်သားနာယူနိုင်မည် ဖြစ်ပါ၏။ သံသရာချဲ့ထွင်တတ်သည့် တဏှာမာနဒိဋ္ဌိဟူသော ပပဉ္စတရားများကြောင့် ကြံစည်ခြင်း ၀ိတက်ဖြစ်ပေါ်လာကြောင်း၊ ၀ိတက်ဖြစ်ခြင်းကြောင့် လိုချင်ခြင်း ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊ ဆန္ဒဖြစ်ခြင်းကြောင့် ချစ်ခြင်းမုန်းခြင်း ဖြစ်ပေါ်လာကြောင်း၊ ချစ်ခြင်းမုန်းခြင်း ဖြစ်ခြင်းကြောင့် မနာလိုခြင်း ဣဿာ ၀န်တိုခြင်း မစ္ဆရိယ ဖြစ်ပေါ်လာကြောင်း ထိုဣဿာမစ္ဆရိယကြောင့်ပင် သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်း၊ ဒဏ်ထားခြင်း၊ ရန်ပြုခြင်း၊ စိတ်ဆင်းရဲစေခြင်း၊ အမျက်ထွက်စေခြင်းများ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ အခြေခံကား တဏှာမာနဒိဋ္ဌိဟူသည့် သံသရာချဲ့ထွင်တတ်သည့် တရားများကြောင့်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်ဖြစ်၏။ ထိုသံသရာ ချဲ့ထွင်တတ်သည့် တရားများ ချုပ်ငြိမ်းစေရန်အတွက်လည်း ဘုရားရှင်ပေးတော်မူသည့်နည်းမှာ ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်စေနည်းပင် ဖြစ်၏။ ထို့ကြောင့် ဒုက္ခအပေါင်းဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းဖြစ်သည့် တဏှာမာနဒိဋ္ဌိဟူသော သံသရာချဲ့တတ်သည့် တရားများကို ဝေဒနာကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းဖြင့် အလျင်အမြန် ချုပ်ငြိမ်းစေရန် အချိန်ရှိခိုက် ကြိုးစားနိုင်ကြဖို့ သိကြားမေး၍ ဘုရားရှင်ဖြေထားသည့် နည်းကိုယူကာ တစ်ဆင့်ပြန်လည် မျှဝေပေးလိုက်ရပေတော့ သတည်း။ သာဓု… သာဓု… သာဓု…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)
Thursday, February 17, 2011
*ရတနာမြတ်သုံးပါး အနက်အဓိပ္ပာယ် သိမှတ်ဖွယ်*
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အများစုသည် ငယ်စဉ်ကတည်းက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များကို နှုတ်တိုက်ရွက်ဆိုလာကြပါသည်။ ဒါပေမယ့် အများစုသည် တစ်လုံးချင်းစီ၏ ဘာသာပြန် အနှစ်သာရများကို မသိကြသေးဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်သာ ရွက်ဆိုနေကြပါသည်။ အားလုံးကို မဆိုလိုပါ။ တစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို သိပြီး ရွက်ဆိုအာရုံပြုခြင်းသည် ပိုပြီးထိရောက်လှပါသည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေ သူတော်ကောင်းအားလုံး သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။
ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော…
၎။ သုဂတော…
၅။ လောက၀ိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေ၀မနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂ၀ါ…
၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက၊ ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။
တရားဂုဏ်တော်ခြောက်ပါး
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော
ကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင်၏ တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။
၂။ သန္ဒိဋ္ဌိကော
ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။
၃။ အကာလိကော
အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။
လောကီ ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ် စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်။
၎။ ဧဟိပဿိကော
မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။
၅။ သြပနေယျိကော
မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ
သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။
သံဃာ့ဂုဏ်တော်ကိုးပါး
၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော…
၅။ အာဟုနေယျော…
၆။ ပါဟုနေယျော…
၇။ ဒက္ခိဏေယျော…
၈။ အဉ္ဇလိကရဏီယျော…
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…
၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်း သက်သေပြ၍ ဆုံးမ အပ်သော အဆုံးအမတော်များကို ကောင်းမွန်စွာ ကျင့်ကြံတော်မူ သည်ဟု အဓိပ္ပာယ်ရပါသည်။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် သူတစ်ပါး အထင်ကြီးအောင် ပစ္စည်း၊ လာဘ်နှင့် ဒကာ၊ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် အလွန်ကြီးမား များပြားသော သံသရာဝဋ္ဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် ဒကာ ဒကာမတို့၏ ရိုသေ သမှု ပြစုလှူဒါန်းမှုကို ထိုက်တန်အောင် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော
ဤစကားတို့သည် သံဃာ ဂုဏ်တော်တို့ကို ပြသော စကားမဟုတ်ဘဲ မဂ်ကိုရလျှင် ချက်ချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့သည် တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိစေတော်မူ လိုရင်းပင်ဖြစ်ပါသည်။
၅။ အာဟုနေယျော
အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကိုလည်း ခံယူထိုက်၏ ဟူသော အဓိပ္ပာယ်ရပါသည်။
၆။ ပါဟုနေယျော
ဧည့်သည် အဖို့ စီမံထားသော ပစ္စည်းကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၇။ ဒက္ခိဏေယျော
မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းနှင့် သေလွန်သူ မိဘ ဆွေမျိုးများအတွက် ရည်စူးလှူဒါန်းသော အလှူကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၈။ အဉ္ဇလိကရဏီယျော
အရိယာ သံဃာတော်တို့သည် တစ်လောကလုံးရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ကြည်လင်ရွင်ပျ မြတ်နိုးလှစွာ လက်စုံမိုး၍ ရှိခိုးမှုကိုလည်း ခံယူတော်မူထိုက်ပေသည်ဟု အဓိပ္ပာယ်ရပါသည်။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
အရိယာ သံဃာတော်တို့သည် ကုသိုလ်ကောင်းမှုတည်းဟူသော ကောင်းမှု မျိုးစေ့ကို ကြဲချ စိုက်ပျိုးရန် မြတ်သော လယ်ယာမြေကောင်းနှင့် တူတော်မူပေသည်ဟု အဓိပ္ပာယ်ရပါသည်။
ကျွန်တော်ယခုလို ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်အဓိပ္ပာယ်တွေကို ဓမ္မမိတ်ဆွေများအား ပြန်လည် မျှဝေနိုင်ခြင်းဟာ အဖေရဲ့ ကျေးဇူးကြောင့်ဘဲ ဖြစ်ပါတယ်။ ကျွန်တော်အဖေက ကျွန်တော် တိုင်းတစ်ပါးကို လာတော့ ဆရာတော် အရှင်ဇနကဘိဝံသ ရေးသားသော ရတနာ့ဂုဏ်ရည် စာအုပ်ကို ထည့်ပေးလိုက်တယ်။ အဲဒီစာအုပ်က လူတိုင်းလေ့လာ ဖတ်ရှု့ လိုက်နာသင့်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ ယခုလည်း ကျွန်တော် ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များကို ရတနာ့ဂုဏ်ရည် စာအုပ်ထဲမှ ကောက်နုတ်ပြီး ဓမ္မမိတ်ဆွေများကို သိသာနိုင်ရင် ဖော်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ အကျယ် ရှင်းပြထားပါတယ်။ အကျယ်သိချင်ရင်တော့ စာအုပ်ကိုသာ ဖတ်ကြည့်ကြပါခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
တောသားလေး
Subscribe to:
Posts (Atom)