Tuesday, November 2, 2010

သံဝေဂလင်္ကာ- ရှစ်ပုဒ်

၁ ။ နုနယ် ရုပ်ဆင်း၊ ပျိုမျစ်ခြင်း ကား ၊ အိုမင်းနောက်ဆုံး ရှိချေ၏ ။
၂ ။ ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား ၊ ယိုယွင်း နောက်ဆုံးရှိချေ၏ ။
၃ ။ ဝိညာဉ် ထင်လင်း ၊ အသက်ရှင်ခြင်းကား ၊ သေခြင်းနောက်ဆုံး ရှိချေ၏ ။
၎ ။ ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား ၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
၅ ။ တက်ကြွားကြွကြွ ၊ မြင်သမျှကား ၊ လျှောကျနောက်ဆုံး ရှိချေ၏။
၆ ။ ခုံမင်ခယ ၊ ချစ်သမျှကား ၊ သောက နောက်ဆုံး ရှိချေ၏ ။
၇ ။ ပွဲလယ်ပြင်ပ ၊ ချီးမွှမ်းသမျှ ၊ ရှုတ်ချ နောက်ဆုံး ရှိချေ၏ ။
၈ ။ ကြည်သာ ရွှင်ပျ ၊ ချမ်းသာလှလည်း ၊ ဒုက္ခ နောက်ဆုံး ရှိချေ၏။

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ

(၁) စိတ်ဓါတ်အောက်တန်းကျသူ

- စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာ သင်ယူထားတဲ့ ခေတ်ပညာတွေ ဘယ်လောက်ဘဲတတ်စေကာမူ၊ ဘွဲ့တွေရာထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း ချမ်းသာစေကာမူ လူတော်မဟုတ်၊ လူကောင်းလည်းမဟုတ်၊ စာပေလုံးဝ မတတ်သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေဖြစ်တယ်။

(၂) မေတ္တာစိတ်သာ ထားနေရင်

- သတ္တ၀ါအားလုံးအပေါ် မေတ္တာစိတ် အမြဲထားနေပါက စိတ်ချမ်းသာ၏ မှတ်။


(၃) စိတ်ရင်းစေတနာ

- စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူဖြစ်နိုင်တယ်။ မိမိစိတ်ထားက အလယ်အလတ်ရှိလျှင် အလတ်တန်းစားလူဖြစ်ရ၏။ မိမိစိတ်က အောက်တန်းကျလျှင် အောက်တန်းစားလူဖြစ်ရမည်။ စိတ်ရင်းစေတနာသည် လူတန်းစားကို ခွဲခြားနေသော တရားခံလက်သည်ဖြစ်လေသည်။

(၄) စိတ်သည်အဓိက

- လူဆိုတာ စိတ်ရယ်၊ ရုပ်ခန္ဓာရယ်၊ နှစ်မျိုးပေါင်းစပ်ထားတယ်ဆိုတာသိကြရဲ့လား။ စိတ်ဟာ အဓိကဖြစ်တယ်၊ စိတ်ကောင်းရင် လူကောင်းတယ်။ စိတ်မကောင်းရင် လူမကောင်းဘူး။ ရှေးခေတ်လူတွေကောင်းကြတယ်ဆိုတာ စိတ်ကောင်းလို့ စိတ်ထားရိုးသားကြလို့ ကောင်းတာ၊ ခုခေတ်လူတွေမကောင်းဘူးဆိုတာ ရိုးသားတဲ့စိတ်၊ ဖြောင့်မတ်တဲ့စိတ်မထားကြလို့ မကောင်းတာဘဲ၊ ဒီတော့ ဒီလူတွေကောင်းလာအောင် စိတ်ထားနည်း ပြုပြင်ပေးကြဖို့လိုတယ်။ စိတ်ပျက်စရာစကားတွေပြောပြီး ညည်းညူနေလို့တော့ ဒီခေတ်လူတွေကောင်းလာမှာမဟုတ်ဘူး။ အဲဒါလိုရင်းအညှာကို မင်းတို့ သိကြအောင် ညွှန်ပြပေးတာဘဲ။

(၅) ဒေါသစိတ်ဟာ ကိုယ်တွေ့- စိတ်ဆိုးလာတယ်။ အဲဒီစိတ်ဆိုးတဲ့စိတ်ကို ကိုယ်ကဆင်ခြင်ကြည့်ရင် မသိဘူးလား၊ သိနိုင်တာဘဲ။ စိတ်ဆိုးတဲ့စိတ်က သာပြီး ပေါ်လွင်သေးတယ်။ တစ်ခါတည်းကို သူဖြစ်လာပြီဆိုရင် စိတ်ထဲသူပုန်ထတော့တာဘဲ၊ အဲဒါကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဒေါသစိတ်ဟာကိုယ်တွေ့၊ သူများပြောလို့မဟုတ်ဘူး။


(၆) မုန်းစိတ်ကင်းခြင်းသည်သာ

- သူတစ်ပါးက အသင့်ကို မုန်းစိတ်ထားသူရှိချင်ရှိပါစေ။ သင်တို့ ငါတို့က သူတစ်ပါးအပေါ်၌ မုန်းစိတ်ကင်းခြင်းသည်သာ မူမှန်ဖြစ်၍မြတ်ပါသည်။ ထိုသို့နေသောအခါ သင်တို့ ငါတို့အဖို့ ပထမဆုံးရောက်လာမည့် ကောင်းကျိုးတရားကားစိတ်ချမ်းသာမှု၊ ကြည်လင်ပျော်မွေ့မှုကို လက်ငင်းခံစားရခြင်း ပင်တည်း။


(၇) ပင်တိုင်စိတ်ကောင်းကြောင့်

- လောကတွင် ရိုးသားသောစိတ်၊ ဖြောင့်မတ်စိတ်၊ တည်ငြိမ်စိတ်ကိုအဓိက ပင်တိုင်ထားရမည်။ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ ၀ီရိယစွမ်းအင်ကို အခြေအနေအလျောက်အရင်းတည်ပြီး မနေမနား ကြိုးစားနေလေ့ရှိသူများသည် ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။ မရိုးသားသူများအပေါ် ကျော်တက်သွားကြသည်။ ရိုးသားဖြောင့်မတ်သူများသည် မဖြောင့်မတ်သူများကို နောက်ချန်ထားခဲ့ကြသည်။

(၈) သေခါနီးစိတ်အာရုံ

- ငါသေတော့မည်ဟု ထင်မှတ်ရသော အချိန်ပိုင်းတွင် မိမိ၏ စိတ်အာရုံကိုကြည်လင်အောင် ရှင်းရှင်းထား၍ နေပါ။ သံယောဇဉ်ဟူသမျှ ဘာသံယောဇဉ်မှ(ပစ္စည်း သံယောဇဉ်၊ လူ့သံယောဇဉ် စသည်) မိမိ၏ စိတ်အာရုံတွင်ဝင်ရောက် မလာစေရ။ ၀င်ရောက်လာလျှင် ဖယ်ထုတ်ပစ်ပါ။ မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်စသည် တို့တွင်မိမိ စိတ်ဝင်စား၍ အနှစ်သက်ဆုံးသော ကုသိုလ်အာရုံတစ်ခုခုထပ်ပြန်တလဲလဲစွဲနေအောင် နှလုံးသွင်း၍ ကျေနပ် ၀မ်းမြောက်နေရမည်။ ကုသိုလ်အာရုံတစ်ခုခုကို စိတ်ကြည်လင်အောင် နှလုံးသွင်း၍ စိတ်ဝင်စားကာပျော်မွေ့ရင်း သေသွားတတ်ရမည်။


(၉) မေတ္တာစိတ်သာထားနိုင်မယ်ဆိုရင်

- စိတ်ကို ရှင်းရှင်းထား။ ရှင်းရှင်းထားဆိုသည်မှာ စိတ်ထားခြင်းကို ဆိုလိုတယ်။လောကကြီးမှာ မေတ္တာလောက်ကောင်းတာ ဘာမှမရှိဘူး။ မေတ္တာလောက်ကောင်းတဲ့ အဆောင်ကောင်း တခြားဘာမှ မရှိနိုင်ဘူး။ မေတ္တာစိတ်သာ ထားနိုင်မယ်ဆိုရင် သံသရာလည်ရမှာတောင် မကြောက်နဲ့။မေတ္တာတရား လက်ကိုင်ထား သံသရာခရီးသွား မပင်ပန်းဘူးမှတ်။

(၁၀) စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော

- လူများဟာ ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့ပြောလေ့ရှိကြတယ်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းကိုဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်တယ်။ ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။ စေတနာကောင်းလျှင်ကံကောင်းမယ်၊ စေတနာဆိုးလျှင် ကံဆိုးမယ်။ စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊ စေတနာ ကောက်လျှင် ကံကောက်မယ်။