Saturday, May 7, 2011

ကိလေသာ နှင့် ပယ်သတ်နည်း

တထောင့်ငါးရာ ကိလေသာတွေဟာ ဘယ်မှာကိန်းအောင်းပါသလဲ ဆိုရင် ခန္ဓာအစဉ်မှာ ကိန်းအောင်နေပါတယ်။
ခန္ဒာအစဉ်ဆိုတာကို အနည်းငယ်ချဲ့ပြီး ပြောပြပါဦးမယ်။
လောကမှာ ပညတ်တရား, ပရမတ်တရားလို့ တရားနှစ်မျိုးရှိတယ်။ ပညတ်တရားဆိုတာ လူတယောက်နဲ့တယောက် စကားပြောကြတဲ့အခါ နားလည်လွယ်အောင် စကားပြောလို့ဖြစ်အောင် ရှေးပညာရှင်ကြီးများ တင်စားခေါ်ဝေါ်ထားတဲ့ ယောက်ျား, မိန်းမ, လူ, နတ် ဆိုတဲ့ အမည်နာမတွေဟာ ပညတ်တွေပဲ။ ပုထုဇဉ်မှန်သမျှ ပညတ်ကိုသာ သိတယ်။ ပညတ်ကို ဖောက်ခွဲပြီး ပရမတ်ကို မသိကြဘူး။ ပရမတ်ကို မသိကြလို့ လူကို လူလို့ထင်တယ်။ ခွေး, နွား, ကြက်, ၀က်-ကို ခွေး, နွား, ကြက်, ၀က်-လို့ပဲထင်တယ်။ မိန်းမကို မိန်းမလို့ ထင်ပြီး ယောက်ျားကို ယောက်ျားလို့ ထင်ကြတယ်။

ပညတ်ဆိုတာ တင်စားထားတာ။ တကယ်စစ်မှန်တဲ့ ပရမတ်မဟုတ်ဘူး။ ဒါကြောင့် ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် စတဲ့ ပညတ်တို့ရဲ့ အမှန်ရှိတဲ့တရားကို ကြည့်လိုက်တော့ ရုပ်တရားနှင့် နာမ်တရားသာ ရှိတယ်။ ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် ဆိုတာက တင်စားထားတဲ့ ပညတ်။ အမှန်တရား မဟုတ်ဘူး။ အမှန်တရားက ရုပ်တရားနှင့် နာမ်တရားပဲ။ အဲဒီ ရုပ်တရားနှင့် နာမ်တရားကတော့ မြဲမြံခိုင်ခံ့တည်တံ့တဲ့ တရားတွေလားဆိုတော့ အဖြစ်နှင့်အပျက် (ဖြစ်ပြီးလျှင် ပျက်၊ ပျက်ပြီးလျှင် ဖြစ်) တဲ့ ခန္ဓာအစဉ်မျှသာဖြစ်တယ်။

မြဲမြံခိုင်ခံ့တည်တံ့တဲ့တရား တခုမျှမဟုတ်ဘူး။ မိမိတို့သန္တာန်မှာ ဖြစ်ပွားနေကြတဲ့ တထောင့်ငါးရာ ကိလေသာတွေဟာ အဲဓီခန္ဓာအစဉ်မှာ ကိန်းအောင်ကြတယ်။ ကိလေသာကိန်းအောင်းတာက သုံးမျိုးရှိတယ်။
အဲဒီကိလေသာသုံးမျိုးကို-
၁။ အနုသယ ကိလေသာ
၂။ ပရိယုဋ္ဌာန ကိလေသာ
၃။ ၀ီတိက္ကမ ကိလေသာ-လို့ခေါ်တယ်။

၁။ အနုသယ ကိလေသာ-ဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။
၂။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။
အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။
၃။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။
ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်။

ဒီကိလေသာတွေကုန်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတော့ အတိုချုပ်အားဖြင့် ၀ိပဿနာရှုရမှာပါ။ ၀ိပဿနာရှုတယ်ဆိုတာ ပညတ်အပေါ် ရှုလို့မရဘူး။ ပရမတ်အပေါ်မှာ ရှုရတယ်။ ပညတ်က မျက်စိနှင့်မြင်ကောင်းတယ်။ ရုပ်နာမ်ဆိုတဲ့ ပရမတ်ကတော့ မျက်စိနှင့် မမြင်ရဘူး။ ဉာဏ်နှင့်မြင်မှ ရတယ်။ ဉာဏ်နှင့်မြင်တဲ့ရုပ်နာမ်က အမှန်တကယ်ရှိတယ်။ မျက်စိနှင့်မြင်တဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ စတဲ့ ပညတ်က အမှန်တကယ်မရှိဘူး။

ဒါပေမယ့် မျက်စိနဲ့မြင်တွေ့နေရတဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ ဆိုတဲ့ ပညတ်ကို ပုထုဇဉ်တွေက အမှန်တကယ်ရှိတယ်ထင်လို့ ပညတ်အပေါ် လိုချင်မှု (လောဘ)၊ ပြစ်မှားမှု (ဒေါသ) စတဲ့ ကိလေသာတွေ ဖြစ်နေကြတာ။ မျက်စိနှင့် မြင်ရတာဟာ ပညတ်ပဲ။ ပညတ်ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ တကယ်ရှိတဲ့တရားက ရုပ်နာမ်ပါလား။ တကယ်ရှိတယ်ဆိုတဲ့ ရုပ်နာမ်ဟာလည်း ဖြစ်ပျက်မျှသာပါကလားလို့ သိခဲ့လျှင် ကိလေသာဆိုတာ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ဒီကိလေသာတွေကုန်အောင် ၀ိပဿနာ လုပ်ရမယ်လို့ ပြောခဲ့တာပါ။


ဒီကိလေသာတွေကို ဘယ်စိတ်နဲ့ ပယ်သလဲဆိုတော့ ကုသိုလ်စိတ်နဲ့ ပယ်တယ်။
အဲဒီကုသိုလ်က-
၁။ ကာမကုသိုလ်
၂။ မဟဂ္ဂုတ်ကုသိုလ်
၃။ လောကုတ္တရာကုသိုလ်-လို့ သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်
ကာမသတ္တ၀ါတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို ကာမကုသိုလ်လို့ ခေါ်တယ်။ ကာမသတ္တ၀ါဆိုတာ သတ္တ၀ါများ ကျင်လည်ရာ ၃၁-ဘုံအတွင်းက အပါယ်လေးဘုံရယ်, လူ့ဘုံရယ်,နတ်ပြည်ခြောက်ဘုံရယ်။ ဒီ ၁၁-ဘုံကို ကာမတရား ကျက်စားကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ ခေါ်တယ်။ ဒီကာမ ၁၁-ဘုံမှာဖြစ်တဲ့ သတ္တ၀ါကိုတော့ ကာမသတ္တ၀ါလို့ခေါ်တယ်။

အဲဒီကာမသတ္တ၀ါရဲ့ သန္တာန်မှာဖြစ်တဲ့ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်ကို (ကာမကုသိုလ်) လို့ခေါ်တယ်။ ကာမကုသိုလ်စိတ်က ကိလေသာကာမတရားများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတဲ့။ တဒင်္ဂပဟာန်ဆိုတာ ခေတ္တမျှသာ ပယ်နိုင်တယ်လို့ ဆိုလိုတယ်။

မဟဂ္ဂုတ်ကုသိုလ်က ကိလေသာတရားကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတဲ့။ ဘယ်လိုပယ်ခွါတာလဲဆိုတော့ မဟဂ္ဂုတ်ကုသိုလ်က ကိလေသာကို ဈာန်ရသမျှ ပယ်ခွါတယ်လို့ ဆိုလိုတယ်။ မဟဂ္ဂုတ်ကုသိုလ်ဆိုတာ ရုပကုသိုလ် ငါးခုနှင့် အရူပကုသိုလ်လေးခု ပေါင်း ၉-ခုသော ကုသိုလ်ကို ဆိုလိုရင်းဖြစ်တယ်။ မိမိတို့သန္တာန်မှာ မဟဂ္ဂုတ်ကုသိုလ် ၉-ခု ဖြစ်ပွားခဲ့လျှင် ကိလေသာတရားတွေကို ဈာန်ရနေသမျှ ကာလပတ်လုံး ပယ်ခွါနိုင်သတဲ့။ ဈာန်ရနေသမျှ ကာလပတ်လုံး ကိလေသာကို ပ်ာခွါနိုင်သည်ကို ထောက်လို့ ဈာန်ပျက်သည်နှင့်တပြိုင်နက် ကိလေသာတွေ ပြန်ပေါ်လာနိုင်သေးတယ်လို့ မှတ်ရမယ်။

ကာမကုသိုလ်တို့ မဟဂ္ဂုတ်ကုသိုလ်တို့ဟာ ကိလေသာကို အကြွင်းမဲ့ မပယ်နိုင်ကြဘူး။ ခေတ္တခဏမျှသာ ပယ်ခွါနိုင်တယ်။ ကိလေသာတွေ နောင်ပြန်မပေါ်အောင် ပယ်ခွါနိုင်တဲ့ကုသိုလ်က လောကုတ္တရာ ကုသိုလ်ဖြစ်တယ်။ လောကုတ္တရာကုသိုလ်က ကိလေသာတွေကို နောက်တဖန် မပေါ်လာအောင် သမုစ္ဆေဒပဟာန်နှင့် ပယ်ခွါနိုင်တယ်။ (သမုစ္ဆေဒ ဆိုတာ ကောင်းစွာ အကြွင်းအကျန်မရှိ ပယ်ဖြတ်တယ်လို့ ဆိုလိုပါတယ်။)

ကိလေသာကို တထောင့်ငါးရာ ကိလေသာ-လို့ သုံးနှုန်းကြတယ်။ အမှန် ကိလေသာကတော့ တရားကိုယ်အားဖြင့် ၁၀-ပါးတည်းရှိတယ်။ ကိလေသာဆယ်ပါးက-( လောဘ,ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ) တို့ ဖြစ်ကြတယ်။
ကိလေသာ ၁၀-ပါးအနက် ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာကို သောတာပတ္တိမဂ်ကုသိုလ်က ပယ်တယ်။
ဒေါသကို အနာဂါမိမဂ်ကုသိုလ်က ပယ်တယ်။
ကျန်တဲ့ကိလေသာတွေကိုတော့ အရဟတ္တမဂ်ကုသိုလ်က ပယ်တယ်။
သကဒါဂါမိမဂ်ကုသိုလ်ကတော့ ဘယ်ကိလေသာကိုမှ မပယ်နိုင်ဘူး။ သို့သော်လည်း ကိလေသာတွေ ခေါင်းပါးသွားအောင် အားနည်းသွားအောင်တော့ ပြုလုပ်နိုင်သတဲ့။

လောကုတ္တရာကုသိုလ်က ကာမကုသိုလ်, မဟဂ္ဂုတ်ကုသိုလ်တို့လို ကိလေသာကို ပယ်တာခြင်းတူသော်လည်း တော်တော်ကြာ ပြန်ပေါ်လာတဲ့ ပယ်နည်းမျိုး မဟုတ်ဘူး။ ပယ်ပြီးတဲ့နောက် လုံးဝပြန်မပေါ်လာတော့တဲ့ ပယ်နည်းမျိုးဖြစ်တယ်။ ဒါကြောင့် လောကုတ္တရာကုသိုလ်ရဲ့ ပယ်နည်းကို သမုစ္ဆေဒပဟာန်ပယ်နည်းလို့ ကျမ်းများမှာ ပြထားတယ်။

( တည်တော ဆရာတော် )
ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-မှ

Wednesday, May 4, 2011

သတိပဋ္ဌာန်အကြောင်း

ဓမ္မပီယ—- စိတ်အကြောင်းကို နားမလည် ရင် အစွဲ မျိုးစုံက လွတ်ဘို့ မလွယ်ကူကြောင်းကို တပည့်တော် သဘောပေါက်နားလည် ပါပြီဘုရား။ အရှိတရား သတိထားတတ်မှ သတိပဋ္ဌာန်ဖြစ်ကြောင်း တရားကိုလည်း ဆက်လက် ရှင်းပြတော်မူပါဘုရား။

ဦးဝိဇယ—- သတိပဋ္ဌာန် အကြောင်းကို ကိုယ်တွေ့ ဉာဏ်တွေ့ သဘောပေါက်ချင်ရင်တော့ တပည့်တော် ခိုင်းတဲ့အတိုင်း လုပ်ကြည့်မှ ဖြစ်နိုင်မယ်ဘုရား။ အလုပ်မပါပဲပြောရင် ပုံပြင်ပြောသလို ဖြစ်နေလိမ့်မယ် ဘုရား။လုပ်ရမှာတော့မခက်ပါဘူး။

ဓမ္မပီယ—-ခက်သည်ဖြစ်စေ ၊ လွယ်သည်ဖြစ်စေ ၊ ကြိုးစားလုပ်ရမှာပေါ့ဘုရား။ လောကီကိစ္စ တွေမှာကိုပဲ ကြိုးစားလုပ်ရသေး တာ။ အောင်မြင်သွားရင် ဒါက သံသရာ တစ်လျှောက်လုံး ချမ်းသာသွားမှာဆိုတော့ တပည့်တော် လုပ်ပါ့မယ်ဘုရား။

ဦးဝိဇယ—-သတ္တဝါတွေ ဆင်းရဲနေကြတာ၊ ဟာ လိုချင်၊ ဖြစ်ချင် ၊ရချင် မှုများဖြင့် စွဲလန်းနေကြလို့ ဆင်းရဲနေကြတာပါဘုရား။ အပါယ် လေးဘုံ ရောက်ကြတယ်ဆိုတာလည်း လိုချင်၊ဖြစ်ချင် ရချင်မှုများဖြင့်အပါယ်လေးဘုံ ရောက်ကြရပါတယ်ဘုရား။

ထိုလိုချင်၊ ဖြစ်ချင်၊ ရချင် တဲ့စိတ်တွေ ငြိမ်းအေးသွားအောင်၊ *ပျက်နေတယ်– ပျက်နေတယ်* ဟုအေးအေးဆေးဆေး စိတ်လေးနဲ့ ရွတ်ပါတယ်ဘုရား။ ဒါရွတ်ရင် တရားရမှာပဲဆိုပြီး ၊လိုချင်၊ ဖြစ်ချင် ၊ ရချင်လို့ ရွတ်တာမျိုး မဖြစ်စေရပါဘူး။

လိုချင်၊ ဖြစ်ချင်၊ရချင် တဲ့ စိတ်တွေ ငြိမ်းအေးသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ *ပျက်နေတယ်-ပျက်နေတယ်* ဟု အေးအေးဆေးဆေး စိတ်ဖြင့် ရွတ်ရမယ်ဘုရား။

ခန္ဓာ ကိုယ်ကို သက်သက်သာသာလေးထားပါ။ စိတ်ကိုလည်း လွတ်လွတ်လပ်လပ် လေး ထားရမယ်ဘုရား။ကိုယ်ကို ချုပ်ခြင်း၊စိတ်ကိုချုပ်ခြင်း၊ လုံးဝမလုပ်ရပါဘူး ဘုရား။

ဓမ္မပီယ—-အရှင်ဘုရား ခိုင်းတဲ့အတိုင်း ၊ ခန္ဓာကိုယ်ကို သက်သာအောင်နေ၊ စိတ်ကိုလည်း လွတ်လွတ်လပ်လပ် ထား ပြီး၊လိုချင် ၊ဖြစ်ချင်၊ ရချင်တဲ့စိတ် ငြိမ်းအေးအောင် *ပျက်နေတယ်–ပျက်နေတယ်* ဟုအေးအေးဆေးဆေး စိတ်နဲ့ ရွတ်ပါတယ်ဘုရား။

တပည့်တော် သဘောပေါက် လိုက်တာကတော့ ၊စိတ်ဟာ *ပျက်နေတယ်–ပျက်နေတယ်*ဟု မရွတ်တဲ့အချိန်မှာ *လိုချင်တယ်-ရချင်တယ်-ဖြစ်ချင်တယ်*ဟု တစ်ခုခု အမြဲတမ်း ရွတ် ပါတယ် ဘုရား။

*ပျက်နေတယ်–ပျက်နေတယ်* ဟူသော စကားလုံး ရဲ့ နောက်မှာ ဘာကိုမှ ပုံဖေါ်ခွင့် မရတဲ့ အတွက်ကြောင့် ကြိုက်တဲ့ ပုံစံဖေါ်ပြီး လိုချင်၊ ဖြစ်ချင် ၊ ရချင် နေတဲ့ အစွဲအကုသိုလ်တွေ ပေါ်ခွင့် မရတော့ ပါ ဘူးဘုရား။

အစွဲအလန်း နည်းရင် နည်းသလောက် ၊စိတ်ငြိမ်မှုကလည်း ရပါတယ်ဘုရား။ အရှင်ဘုရား ပြောတဲ့ ဒီနည်းဟာ အချိန်၊နေရာ၊ ဣရိယာပုဒ် များ တရားအတွက် သီးသန့် တွေ့စရာမလိုဘဲ၊ ပေးစရာမလိုဘဲ၊ သတိရတိုင်းလေး ရွတ်တာနဲ့ ကိုဘဲ အတော်ချမ်းသာမှု ကို ရပါတယ်ဘုရား။

ဦးဝိဇယ—-ဒါကိုသမာဓိ ထူထောင်တယ်လို့ ခေါ်ပါတယ်ဘုရား။ ဒီသမာဓိကတော့ ငြိမ်သမာဓိ မဟုတ်ပါဘူး။ ငြိမ်းအေးတဲ့ သမာဓိ ခေါ်ပါတယ်။ ငြိမ်သမာဓိ ဆိုတာကတော့ ခန္ဓာကိုယ်ကို ငြိမ်နေအောင် လုပ်ထားတဲ့ သမာဓိ ကို* ငြိမ်သမာဓိ *လို့ ခေါ်ပါတယ်..။

လိုချင်၊ ဖြစ်ချင်၊ ရချင်မှုများ ငြိမ်းအေး သွားအောင် လုပ်တဲ့ သမာဓိ ဖြစ်လို့ *ငြိမ်းအေးတဲ့သမာဓိ*ဟုခေါ်ပါတယ်ဘုရား။ ငြိမ်သမာဓိ ဟာ ဝိပဿနာ နဲ့ မဆိုင်ပါဘူးဘုရား။

ခန္ဓာကို ငြိမ်အောင် ကြိုးစားနေရလို့ အမှန်အတိုင်း သိအောင် ကြိုးစားတဲ့ ဝိပဿနာ ဉာဏ်နဲ့ မပတ်သက်ပါဘူး။ ငြိမ်းအေး တဲ့ သမာဓိ ကတော့ * ဆင်းရဲ မှန်သမျှ ဟာ စွဲလန်းလို့ ပဲ* ဆိုတဲ့ အမှန်သိခြင်း ကို ဦး စား ပေး နေ တဲ့အတွက် ကြောင့် ၊ဝိပဿနာ ဉာဏ် ရဲ့ အထောက်အကူ ဖြစ်ပါတယ် ဘုရား။

သတိပဋ္ဌာန် ကတော့*******

ထိုင် ရင်းနဲ့ * ပျက်နေတယ်—ပျက်နေတယ်* ဟုစိတ်ဖြင့် ရွတ် နေရင်၊ ထိုင်တာကိုလည်း သိနေတယ်။

သွားရင်းနဲ့ *ပျက်နေတယ်—ပျက်နေတယ်* ရွတ်နေရင် သွားတာကိုလည်း သိနေတယ်။

ရပ်ရင်း နဲ့ *ပျက်နေတယ်—ပျက်နေတယ်* ရွတ်နေရင် ၊ ရပ်နေတာကိုလည်း သိနေတယ်။

လျောင်းရင်းနဲ့ *ပျက်နေတယ်–ပျက်နေတယ်* ရွတ်နေရင် ၊လျောင်းတာကို လည်းသိနေတယ်။

သွား၊ ရပ် ၊ထိုင်၊ လျောင်း ဟူသော နာမည် ပညတ်မပါပဲ သိတာဘက်ကို ဦးစားပေးပြီး ၊*ပျက်နေတယ်–ပျက်နေတယ်* ဟုရွတ်နေရင် *ပျက်နေတယ်–ပျက်နေတယ်* ဟုရွတ်ရင်း ၊ ကိုယ့်ကိုကို သိနေခြင်း ပါပဲ ဘုရား။

အမည် ပညတ်၊မပါပဲ ၊သိရုံမျှ ဂရုစိုက်နေခြင်း ကို သတိပဋ္ဌာန် တရား အားထုတ် တယ်ဟုခေါ်ပါတယ်ဘုရား။ အရှင်ဘုရား လုပ်ကြည့်လိုက်ပါဦး ဘုရား။

ဓမ္မပီယ—- အရှင်ဘုရား ခိုင်း တဲ့အတိုင်းလုပ်ကြည့်တော့ အလွန် လွယ်ကူပါတယ်ဘုရား။ စိတ်အလွန်ငြိမ်းချမ်း ပါတယ်။

*ပျက်နေတယ်–ပျက်နေတယ်* ဟုအေးအေးဆေးဆေး ရွတ်နေရင် ၊ကိုယ့်ကိုကို သိနေတော့ ၊ အဆင်း၊ အသံ၊ အနံ့ ၊ အရသာတွေ၊ ထိစရာများကို တွေ့ထိနေရသော်လည်း ၊အကောင်းထင်ခြင်းလောဘ၊ အဆိုးထင်ခြင်း ဒေါသ များ၊ မဖြစ်ပဲ *ဒိဋ္ဌေ၊ဒိဋ္ဌမတ္တံ* စသော ပါဠိတော် နှင့်လည်း ညီညွတ်နေပါတယ်ဘုရား။

တပည့်တော် နားလည် သလောက်ပြောရရင် ၊ကိုယ့်ကိုကို သိရတဲ့ သိစရာလေးဟာ ၊နာမည်တပ် မရတာကို သိနေပါတယ်။ စိတ်မှာ ပုံဖေါ် ရတာ ကိုသိနေပါတယ်။

ကိုယ့်ကိုကို သိနေရတော့၊ ရှာကြံစရာမလိုသော၊ သိစရာ ကိုသိနေတယ်။ စကားဖြင့် ပြောစရာမရှိ၊စိတ်ဖြင့် သိလို့ ရတာကိုသာ၊ သိနေပါတယ်ဘုရား။

ဒီသိစရာလေးဟာ၊ စိတ်ဖြစ်တိုင်း၊ သိနေသော်လည်း၊ ဂရုစိုက်ပြီး ၊မသိဖြစ်ခဲ့ပါဘူး။ ယခုသိရတာဟာ အလွန် လွယ်ကူသက်သာ ၊ချမ်းသာသော သိစရာကို ၊သိနေရတော့ စိတ်ဆင်းရဲမှုမလာနိုင်တဲ့၊ ပုန်းအောင်းစရာလေးပဲ ဖြစ်နေပါတယ် ဘုရား။

the attachments to this post:

Satipahtan
Satipahtan

Tags: သတိပဋ္ဌာန်