Saturday, May 7, 2011

ကိလေသာ နှင့် ပယ်သတ်နည်း

တထောင့်ငါးရာ ကိလေသာတွေဟာ ဘယ်မှာကိန်းအောင်းပါသလဲ ဆိုရင် ခန္ဓာအစဉ်မှာ ကိန်းအောင်နေပါတယ်။
ခန္ဒာအစဉ်ဆိုတာကို အနည်းငယ်ချဲ့ပြီး ပြောပြပါဦးမယ်။
လောကမှာ ပညတ်တရား, ပရမတ်တရားလို့ တရားနှစ်မျိုးရှိတယ်။ ပညတ်တရားဆိုတာ လူတယောက်နဲ့တယောက် စကားပြောကြတဲ့အခါ နားလည်လွယ်အောင် စကားပြောလို့ဖြစ်အောင် ရှေးပညာရှင်ကြီးများ တင်စားခေါ်ဝေါ်ထားတဲ့ ယောက်ျား, မိန်းမ, လူ, နတ် ဆိုတဲ့ အမည်နာမတွေဟာ ပညတ်တွေပဲ။ ပုထုဇဉ်မှန်သမျှ ပညတ်ကိုသာ သိတယ်။ ပညတ်ကို ဖောက်ခွဲပြီး ပရမတ်ကို မသိကြဘူး။ ပရမတ်ကို မသိကြလို့ လူကို လူလို့ထင်တယ်။ ခွေး, နွား, ကြက်, ၀က်-ကို ခွေး, နွား, ကြက်, ၀က်-လို့ပဲထင်တယ်။ မိန်းမကို မိန်းမလို့ ထင်ပြီး ယောက်ျားကို ယောက်ျားလို့ ထင်ကြတယ်။

ပညတ်ဆိုတာ တင်စားထားတာ။ တကယ်စစ်မှန်တဲ့ ပရမတ်မဟုတ်ဘူး။ ဒါကြောင့် ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် စတဲ့ ပညတ်တို့ရဲ့ အမှန်ရှိတဲ့တရားကို ကြည့်လိုက်တော့ ရုပ်တရားနှင့် နာမ်တရားသာ ရှိတယ်။ ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် ဆိုတာက တင်စားထားတဲ့ ပညတ်။ အမှန်တရား မဟုတ်ဘူး။ အမှန်တရားက ရုပ်တရားနှင့် နာမ်တရားပဲ။ အဲဒီ ရုပ်တရားနှင့် နာမ်တရားကတော့ မြဲမြံခိုင်ခံ့တည်တံ့တဲ့ တရားတွေလားဆိုတော့ အဖြစ်နှင့်အပျက် (ဖြစ်ပြီးလျှင် ပျက်၊ ပျက်ပြီးလျှင် ဖြစ်) တဲ့ ခန္ဓာအစဉ်မျှသာဖြစ်တယ်။

မြဲမြံခိုင်ခံ့တည်တံ့တဲ့တရား တခုမျှမဟုတ်ဘူး။ မိမိတို့သန္တာန်မှာ ဖြစ်ပွားနေကြတဲ့ တထောင့်ငါးရာ ကိလေသာတွေဟာ အဲဓီခန္ဓာအစဉ်မှာ ကိန်းအောင်ကြတယ်။ ကိလေသာကိန်းအောင်းတာက သုံးမျိုးရှိတယ်။
အဲဒီကိလေသာသုံးမျိုးကို-
၁။ အနုသယ ကိလေသာ
၂။ ပရိယုဋ္ဌာန ကိလေသာ
၃။ ၀ီတိက္ကမ ကိလေသာ-လို့ခေါ်တယ်။

၁။ အနုသယ ကိလေသာ-ဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။
၂။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။
အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။
၃။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။
ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်။

ဒီကိလေသာတွေကုန်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတော့ အတိုချုပ်အားဖြင့် ၀ိပဿနာရှုရမှာပါ။ ၀ိပဿနာရှုတယ်ဆိုတာ ပညတ်အပေါ် ရှုလို့မရဘူး။ ပရမတ်အပေါ်မှာ ရှုရတယ်။ ပညတ်က မျက်စိနှင့်မြင်ကောင်းတယ်။ ရုပ်နာမ်ဆိုတဲ့ ပရမတ်ကတော့ မျက်စိနှင့် မမြင်ရဘူး။ ဉာဏ်နှင့်မြင်မှ ရတယ်။ ဉာဏ်နှင့်မြင်တဲ့ရုပ်နာမ်က အမှန်တကယ်ရှိတယ်။ မျက်စိနှင့်မြင်တဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ စတဲ့ ပညတ်က အမှန်တကယ်မရှိဘူး။

ဒါပေမယ့် မျက်စိနဲ့မြင်တွေ့နေရတဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ ဆိုတဲ့ ပညတ်ကို ပုထုဇဉ်တွေက အမှန်တကယ်ရှိတယ်ထင်လို့ ပညတ်အပေါ် လိုချင်မှု (လောဘ)၊ ပြစ်မှားမှု (ဒေါသ) စတဲ့ ကိလေသာတွေ ဖြစ်နေကြတာ။ မျက်စိနှင့် မြင်ရတာဟာ ပညတ်ပဲ။ ပညတ်ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ တကယ်ရှိတဲ့တရားက ရုပ်နာမ်ပါလား။ တကယ်ရှိတယ်ဆိုတဲ့ ရုပ်နာမ်ဟာလည်း ဖြစ်ပျက်မျှသာပါကလားလို့ သိခဲ့လျှင် ကိလေသာဆိုတာ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ဒီကိလေသာတွေကုန်အောင် ၀ိပဿနာ လုပ်ရမယ်လို့ ပြောခဲ့တာပါ။


ဒီကိလေသာတွေကို ဘယ်စိတ်နဲ့ ပယ်သလဲဆိုတော့ ကုသိုလ်စိတ်နဲ့ ပယ်တယ်။
အဲဒီကုသိုလ်က-
၁။ ကာမကုသိုလ်
၂။ မဟဂ္ဂုတ်ကုသိုလ်
၃။ လောကုတ္တရာကုသိုလ်-လို့ သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်
ကာမသတ္တ၀ါတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို ကာမကုသိုလ်လို့ ခေါ်တယ်။ ကာမသတ္တ၀ါဆိုတာ သတ္တ၀ါများ ကျင်လည်ရာ ၃၁-ဘုံအတွင်းက အပါယ်လေးဘုံရယ်, လူ့ဘုံရယ်,နတ်ပြည်ခြောက်ဘုံရယ်။ ဒီ ၁၁-ဘုံကို ကာမတရား ကျက်စားကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ ခေါ်တယ်။ ဒီကာမ ၁၁-ဘုံမှာဖြစ်တဲ့ သတ္တ၀ါကိုတော့ ကာမသတ္တ၀ါလို့ခေါ်တယ်။

အဲဒီကာမသတ္တ၀ါရဲ့ သန္တာန်မှာဖြစ်တဲ့ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်ကို (ကာမကုသိုလ်) လို့ခေါ်တယ်။ ကာမကုသိုလ်စိတ်က ကိလေသာကာမတရားများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတဲ့။ တဒင်္ဂပဟာန်ဆိုတာ ခေတ္တမျှသာ ပယ်နိုင်တယ်လို့ ဆိုလိုတယ်။

မဟဂ္ဂုတ်ကုသိုလ်က ကိလေသာတရားကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတဲ့။ ဘယ်လိုပယ်ခွါတာလဲဆိုတော့ မဟဂ္ဂုတ်ကုသိုလ်က ကိလေသာကို ဈာန်ရသမျှ ပယ်ခွါတယ်လို့ ဆိုလိုတယ်။ မဟဂ္ဂုတ်ကုသိုလ်ဆိုတာ ရုပကုသိုလ် ငါးခုနှင့် အရူပကုသိုလ်လေးခု ပေါင်း ၉-ခုသော ကုသိုလ်ကို ဆိုလိုရင်းဖြစ်တယ်။ မိမိတို့သန္တာန်မှာ မဟဂ္ဂုတ်ကုသိုလ် ၉-ခု ဖြစ်ပွားခဲ့လျှင် ကိလေသာတရားတွေကို ဈာန်ရနေသမျှ ကာလပတ်လုံး ပယ်ခွါနိုင်သတဲ့။ ဈာန်ရနေသမျှ ကာလပတ်လုံး ကိလေသာကို ပ်ာခွါနိုင်သည်ကို ထောက်လို့ ဈာန်ပျက်သည်နှင့်တပြိုင်နက် ကိလေသာတွေ ပြန်ပေါ်လာနိုင်သေးတယ်လို့ မှတ်ရမယ်။

ကာမကုသိုလ်တို့ မဟဂ္ဂုတ်ကုသိုလ်တို့ဟာ ကိလေသာကို အကြွင်းမဲ့ မပယ်နိုင်ကြဘူး။ ခေတ္တခဏမျှသာ ပယ်ခွါနိုင်တယ်။ ကိလေသာတွေ နောင်ပြန်မပေါ်အောင် ပယ်ခွါနိုင်တဲ့ကုသိုလ်က လောကုတ္တရာ ကုသိုလ်ဖြစ်တယ်။ လောကုတ္တရာကုသိုလ်က ကိလေသာတွေကို နောက်တဖန် မပေါ်လာအောင် သမုစ္ဆေဒပဟာန်နှင့် ပယ်ခွါနိုင်တယ်။ (သမုစ္ဆေဒ ဆိုတာ ကောင်းစွာ အကြွင်းအကျန်မရှိ ပယ်ဖြတ်တယ်လို့ ဆိုလိုပါတယ်။)

ကိလေသာကို တထောင့်ငါးရာ ကိလေသာ-လို့ သုံးနှုန်းကြတယ်။ အမှန် ကိလေသာကတော့ တရားကိုယ်အားဖြင့် ၁၀-ပါးတည်းရှိတယ်။ ကိလေသာဆယ်ပါးက-( လောဘ,ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ) တို့ ဖြစ်ကြတယ်။
ကိလေသာ ၁၀-ပါးအနက် ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာကို သောတာပတ္တိမဂ်ကုသိုလ်က ပယ်တယ်။
ဒေါသကို အနာဂါမိမဂ်ကုသိုလ်က ပယ်တယ်။
ကျန်တဲ့ကိလေသာတွေကိုတော့ အရဟတ္တမဂ်ကုသိုလ်က ပယ်တယ်။
သကဒါဂါမိမဂ်ကုသိုလ်ကတော့ ဘယ်ကိလေသာကိုမှ မပယ်နိုင်ဘူး။ သို့သော်လည်း ကိလေသာတွေ ခေါင်းပါးသွားအောင် အားနည်းသွားအောင်တော့ ပြုလုပ်နိုင်သတဲ့။

လောကုတ္တရာကုသိုလ်က ကာမကုသိုလ်, မဟဂ္ဂုတ်ကုသိုလ်တို့လို ကိလေသာကို ပယ်တာခြင်းတူသော်လည်း တော်တော်ကြာ ပြန်ပေါ်လာတဲ့ ပယ်နည်းမျိုး မဟုတ်ဘူး။ ပယ်ပြီးတဲ့နောက် လုံးဝပြန်မပေါ်လာတော့တဲ့ ပယ်နည်းမျိုးဖြစ်တယ်။ ဒါကြောင့် လောကုတ္တရာကုသိုလ်ရဲ့ ပယ်နည်းကို သမုစ္ဆေဒပဟာန်ပယ်နည်းလို့ ကျမ်းများမှာ ပြထားတယ်။

( တည်တော ဆရာတော် )
ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-မှ

Wednesday, May 4, 2011

သတိပဋ္ဌာန်အကြောင်း

ဓမ္မပီယ—- စိတ်အကြောင်းကို နားမလည် ရင် အစွဲ မျိုးစုံက လွတ်ဘို့ မလွယ်ကူကြောင်းကို တပည့်တော် သဘောပေါက်နားလည် ပါပြီဘုရား။ အရှိတရား သတိထားတတ်မှ သတိပဋ္ဌာန်ဖြစ်ကြောင်း တရားကိုလည်း ဆက်လက် ရှင်းပြတော်မူပါဘုရား။

ဦးဝိဇယ—- သတိပဋ္ဌာန် အကြောင်းကို ကိုယ်တွေ့ ဉာဏ်တွေ့ သဘောပေါက်ချင်ရင်တော့ တပည့်တော် ခိုင်းတဲ့အတိုင်း လုပ်ကြည့်မှ ဖြစ်နိုင်မယ်ဘုရား။ အလုပ်မပါပဲပြောရင် ပုံပြင်ပြောသလို ဖြစ်နေလိမ့်မယ် ဘုရား။လုပ်ရမှာတော့မခက်ပါဘူး။

ဓမ္မပီယ—-ခက်သည်ဖြစ်စေ ၊ လွယ်သည်ဖြစ်စေ ၊ ကြိုးစားလုပ်ရမှာပေါ့ဘုရား။ လောကီကိစ္စ တွေမှာကိုပဲ ကြိုးစားလုပ်ရသေး တာ။ အောင်မြင်သွားရင် ဒါက သံသရာ တစ်လျှောက်လုံး ချမ်းသာသွားမှာဆိုတော့ တပည့်တော် လုပ်ပါ့မယ်ဘုရား။

ဦးဝိဇယ—-သတ္တဝါတွေ ဆင်းရဲနေကြတာ၊ ဟာ လိုချင်၊ ဖြစ်ချင် ၊ရချင် မှုများဖြင့် စွဲလန်းနေကြလို့ ဆင်းရဲနေကြတာပါဘုရား။ အပါယ် လေးဘုံ ရောက်ကြတယ်ဆိုတာလည်း လိုချင်၊ဖြစ်ချင် ရချင်မှုများဖြင့်အပါယ်လေးဘုံ ရောက်ကြရပါတယ်ဘုရား။

ထိုလိုချင်၊ ဖြစ်ချင်၊ ရချင် တဲ့စိတ်တွေ ငြိမ်းအေးသွားအောင်၊ *ပျက်နေတယ်– ပျက်နေတယ်* ဟုအေးအေးဆေးဆေး စိတ်လေးနဲ့ ရွတ်ပါတယ်ဘုရား။ ဒါရွတ်ရင် တရားရမှာပဲဆိုပြီး ၊လိုချင်၊ ဖြစ်ချင် ၊ ရချင်လို့ ရွတ်တာမျိုး မဖြစ်စေရပါဘူး။

လိုချင်၊ ဖြစ်ချင်၊ရချင် တဲ့ စိတ်တွေ ငြိမ်းအေးသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ *ပျက်နေတယ်-ပျက်နေတယ်* ဟု အေးအေးဆေးဆေး စိတ်ဖြင့် ရွတ်ရမယ်ဘုရား။

ခန္ဓာ ကိုယ်ကို သက်သက်သာသာလေးထားပါ။ စိတ်ကိုလည်း လွတ်လွတ်လပ်လပ် လေး ထားရမယ်ဘုရား။ကိုယ်ကို ချုပ်ခြင်း၊စိတ်ကိုချုပ်ခြင်း၊ လုံးဝမလုပ်ရပါဘူး ဘုရား။

ဓမ္မပီယ—-အရှင်ဘုရား ခိုင်းတဲ့အတိုင်း ၊ ခန္ဓာကိုယ်ကို သက်သာအောင်နေ၊ စိတ်ကိုလည်း လွတ်လွတ်လပ်လပ် ထား ပြီး၊လိုချင် ၊ဖြစ်ချင်၊ ရချင်တဲ့စိတ် ငြိမ်းအေးအောင် *ပျက်နေတယ်–ပျက်နေတယ်* ဟုအေးအေးဆေးဆေး စိတ်နဲ့ ရွတ်ပါတယ်ဘုရား။

တပည့်တော် သဘောပေါက် လိုက်တာကတော့ ၊စိတ်ဟာ *ပျက်နေတယ်–ပျက်နေတယ်*ဟု မရွတ်တဲ့အချိန်မှာ *လိုချင်တယ်-ရချင်တယ်-ဖြစ်ချင်တယ်*ဟု တစ်ခုခု အမြဲတမ်း ရွတ် ပါတယ် ဘုရား။

*ပျက်နေတယ်–ပျက်နေတယ်* ဟူသော စကားလုံး ရဲ့ နောက်မှာ ဘာကိုမှ ပုံဖေါ်ခွင့် မရတဲ့ အတွက်ကြောင့် ကြိုက်တဲ့ ပုံစံဖေါ်ပြီး လိုချင်၊ ဖြစ်ချင် ၊ ရချင် နေတဲ့ အစွဲအကုသိုလ်တွေ ပေါ်ခွင့် မရတော့ ပါ ဘူးဘုရား။

အစွဲအလန်း နည်းရင် နည်းသလောက် ၊စိတ်ငြိမ်မှုကလည်း ရပါတယ်ဘုရား။ အရှင်ဘုရား ပြောတဲ့ ဒီနည်းဟာ အချိန်၊နေရာ၊ ဣရိယာပုဒ် များ တရားအတွက် သီးသန့် တွေ့စရာမလိုဘဲ၊ ပေးစရာမလိုဘဲ၊ သတိရတိုင်းလေး ရွတ်တာနဲ့ ကိုဘဲ အတော်ချမ်းသာမှု ကို ရပါတယ်ဘုရား။

ဦးဝိဇယ—-ဒါကိုသမာဓိ ထူထောင်တယ်လို့ ခေါ်ပါတယ်ဘုရား။ ဒီသမာဓိကတော့ ငြိမ်သမာဓိ မဟုတ်ပါဘူး။ ငြိမ်းအေးတဲ့ သမာဓိ ခေါ်ပါတယ်။ ငြိမ်သမာဓိ ဆိုတာကတော့ ခန္ဓာကိုယ်ကို ငြိမ်နေအောင် လုပ်ထားတဲ့ သမာဓိ ကို* ငြိမ်သမာဓိ *လို့ ခေါ်ပါတယ်..။

လိုချင်၊ ဖြစ်ချင်၊ ရချင်မှုများ ငြိမ်းအေး သွားအောင် လုပ်တဲ့ သမာဓိ ဖြစ်လို့ *ငြိမ်းအေးတဲ့သမာဓိ*ဟုခေါ်ပါတယ်ဘုရား။ ငြိမ်သမာဓိ ဟာ ဝိပဿနာ နဲ့ မဆိုင်ပါဘူးဘုရား။

ခန္ဓာကို ငြိမ်အောင် ကြိုးစားနေရလို့ အမှန်အတိုင်း သိအောင် ကြိုးစားတဲ့ ဝိပဿနာ ဉာဏ်နဲ့ မပတ်သက်ပါဘူး။ ငြိမ်းအေး တဲ့ သမာဓိ ကတော့ * ဆင်းရဲ မှန်သမျှ ဟာ စွဲလန်းလို့ ပဲ* ဆိုတဲ့ အမှန်သိခြင်း ကို ဦး စား ပေး နေ တဲ့အတွက် ကြောင့် ၊ဝိပဿနာ ဉာဏ် ရဲ့ အထောက်အကူ ဖြစ်ပါတယ် ဘုရား။

သတိပဋ္ဌာန် ကတော့*******

ထိုင် ရင်းနဲ့ * ပျက်နေတယ်—ပျက်နေတယ်* ဟုစိတ်ဖြင့် ရွတ် နေရင်၊ ထိုင်တာကိုလည်း သိနေတယ်။

သွားရင်းနဲ့ *ပျက်နေတယ်—ပျက်နေတယ်* ရွတ်နေရင် သွားတာကိုလည်း သိနေတယ်။

ရပ်ရင်း နဲ့ *ပျက်နေတယ်—ပျက်နေတယ်* ရွတ်နေရင် ၊ ရပ်နေတာကိုလည်း သိနေတယ်။

လျောင်းရင်းနဲ့ *ပျက်နေတယ်–ပျက်နေတယ်* ရွတ်နေရင် ၊လျောင်းတာကို လည်းသိနေတယ်။

သွား၊ ရပ် ၊ထိုင်၊ လျောင်း ဟူသော နာမည် ပညတ်မပါပဲ သိတာဘက်ကို ဦးစားပေးပြီး ၊*ပျက်နေတယ်–ပျက်နေတယ်* ဟုရွတ်နေရင် *ပျက်နေတယ်–ပျက်နေတယ်* ဟုရွတ်ရင်း ၊ ကိုယ့်ကိုကို သိနေခြင်း ပါပဲ ဘုရား။

အမည် ပညတ်၊မပါပဲ ၊သိရုံမျှ ဂရုစိုက်နေခြင်း ကို သတိပဋ္ဌာန် တရား အားထုတ် တယ်ဟုခေါ်ပါတယ်ဘုရား။ အရှင်ဘုရား လုပ်ကြည့်လိုက်ပါဦး ဘုရား။

ဓမ္မပီယ—- အရှင်ဘုရား ခိုင်း တဲ့အတိုင်းလုပ်ကြည့်တော့ အလွန် လွယ်ကူပါတယ်ဘုရား။ စိတ်အလွန်ငြိမ်းချမ်း ပါတယ်။

*ပျက်နေတယ်–ပျက်နေတယ်* ဟုအေးအေးဆေးဆေး ရွတ်နေရင် ၊ကိုယ့်ကိုကို သိနေတော့ ၊ အဆင်း၊ အသံ၊ အနံ့ ၊ အရသာတွေ၊ ထိစရာများကို တွေ့ထိနေရသော်လည်း ၊အကောင်းထင်ခြင်းလောဘ၊ အဆိုးထင်ခြင်း ဒေါသ များ၊ မဖြစ်ပဲ *ဒိဋ္ဌေ၊ဒိဋ္ဌမတ္တံ* စသော ပါဠိတော် နှင့်လည်း ညီညွတ်နေပါတယ်ဘုရား။

တပည့်တော် နားလည် သလောက်ပြောရရင် ၊ကိုယ့်ကိုကို သိရတဲ့ သိစရာလေးဟာ ၊နာမည်တပ် မရတာကို သိနေပါတယ်။ စိတ်မှာ ပုံဖေါ် ရတာ ကိုသိနေပါတယ်။

ကိုယ့်ကိုကို သိနေရတော့၊ ရှာကြံစရာမလိုသော၊ သိစရာ ကိုသိနေတယ်။ စကားဖြင့် ပြောစရာမရှိ၊စိတ်ဖြင့် သိလို့ ရတာကိုသာ၊ သိနေပါတယ်ဘုရား။

ဒီသိစရာလေးဟာ၊ စိတ်ဖြစ်တိုင်း၊ သိနေသော်လည်း၊ ဂရုစိုက်ပြီး ၊မသိဖြစ်ခဲ့ပါဘူး။ ယခုသိရတာဟာ အလွန် လွယ်ကူသက်သာ ၊ချမ်းသာသော သိစရာကို ၊သိနေရတော့ စိတ်ဆင်းရဲမှုမလာနိုင်တဲ့၊ ပုန်းအောင်းစရာလေးပဲ ဖြစ်နေပါတယ် ဘုရား။

the attachments to this post:

Satipahtan
Satipahtan

Tags: သတိပဋ္ဌာန်

Sunday, May 1, 2011

ဘာဝနာလေးဆယ်

ဆရာတော်ဦးသုမန(စစ်ကိုင်း) ဟောကြားတာကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ဝိပဿနာဘာဝနာလေးဆယ်ရှိပါတယ်။
အနိစ္စလက္ခကာ (၁၀)ပါး
ဒုက္ခလက္ခဏာ (၂၅)ပါး
အနတ္တလက္ခဏာ ( ၅)ပါး
ပေါင်း............... ၄၀ ဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းလေးဆယ်ဆိုတာလည်းရှိပါတယ်။ မတူပါ။

အနိစ္စလက္ခဏာ (၁၀) ပါး --
ဣမေ ပဉ္စက္ခန္ဓာ = ဤငါးပါးသော ခန္ဓာတို့သည်...
၁။ အနိစ္စာ = မြဲခြင်းသဘောမရှိကုန်၊
၂။ အဓုဝါ = ခိုင်မာခြင်းသဘောမရှိကုန်၊
၃။ အသာရာ = အနှစ်သာရမရှိကုန်၊
၎။ စလာ = ရွေ့လျားတတ်ကုန်၏၊
၅။ ပလောကဓမ္မာ = ပျက်စီးခြင်းသဘောရှိကုန်၏၊
၆။ ၀ိပရိဏာမဓမ္မာ = ဖေါက်ပြန်ခြင်းသဘောရှိကုန်၏၊
၇။ မရဏဓမ္မာ = သေဆုံးခြင်းသဘောရှိကုန်၏။
၈။ ၀ိဘ၀ဓမ္မာ = ဆုံးရှုံးခြင်းသဘောရှိကုန်၏။
၉။ သင်္ခတာ = အဖန်ဖန်ပြုပြင်တတ်ကုန်၏။
၁၀။ ပဘဂုင်္ဏော = ဖရိုဖရဲပြိုကွဲခြင်းသဘောရှိကုန်၏။
အနိစ္စံ - အနိစ္စလက္ခာ (၁၀)ပါးတည်း။

ဒုက္ခလက္ခဏာ(၂၅)ပါး ---

ဣမေ ပဉ္စက္ခန္ဓာ = ဤငါးပါးသော ခန္ဓာတို့သည်...
၁။ ဒုက္ခာ = ယုတ်မာညစ်ဆိုးဒုက္ခမျိုးတို့သာတည်း။
၂။ ဘယာ = ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။
၃။ ဤတီ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။
၎။ ဥပ္ပဒ္ဒ၀ါ = လွန်စွာကပ်ရပ်နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။
၅။ ဥပ္ပသဂ္ဂါ = တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။
၆။ ရောဂါ = ကြင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။
၇။ အာဗာဓာ = နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။
၈။ ဂဏ္ဌာ = မဖွယ်ရုပ်ဆင်း ထွက်မြင်းအနာမျိုးတို့သာတည်း။
၉။ သလ္လာ = စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။
၁၀။ အဃာ = အကျိုးယုတ်၊ အကျိုးမဲ့မျိုးတို့သာတည်း။
၁၁။ အတာဏာ = စောင့်ရှောက်မဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၂။ အလေဏာ = ကွယ်ကာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၃။ အသရဏာ = ကိုးရာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၄။ အာဒီန၀ါ = ဆိုးဝါးညစ်ကျူ အပြစ်စုတို့သာတည်း။
၁၅။ အဃမူလာ = ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သာတည်း။
၁၆။ ၀ဓကာ = လူနတ်ဗြဟ္မာ သတ္တ၀ါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း။
၁၇။ သာသ၀ါ = အာသဝေါတရားလေးပါးတို့၏ အစည်းအပွားတို့သာတည်း။
၁၈။ မာရာမိသာ = ကိလေသာမာရ်၊ မစ္စုမာရ်တို့၏ စားဖတ်၊ ၀ါးဖတ်၊ သုံးသပ်နင်းနယ်ရာတို့သာတည်း။
၁၉။ ဇာတိဓမ္မာ = သတ္တ၀ါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တိုင်းဖြစ်တတ်သော သဘောရှိကုန်၏။
၂၀။ ဇရာဓမ္မာ = ဆုတ်ယုတ်လျော့ပါးခြင်းသဘောရှိကုန်၏။
၂၁။ ဗျာဓိဓမ္မာ = နာခြင်းသဘော ရှိကုန်၏။
၂၂။ သောကဓမ္မာ = စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏။
၂၃။ ပရိဒေ၀ဓမ္မာ = ငိုကြွေးမြည်တမ်းရခြင်းသဘော ရှိကုန်၏။
၂၄။ ဥပါယာသဓမ္မာ = သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘော ရှိကုန်၏။
၂၅။ သံကိလေသဓမ္မာ = တဏှာ၊ ဒိဋ္ဌိ၊ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်း(၃)ပါးကို ပွားစီးစေတတ်သော သဘောရှိကုန်၏။
ဒုက္ခံ - ဒုက္ခလက္ခဏာ (၂၅)ပါးတည်း။

အနတ္တလက္ခဏာ (၅)ပါး
ဣမေ ပဉ္စက္ခန္ဓာ = ဤငါးပါးသော ခန္ဓာတို့သည်...
၁။ အနတ္တာ = ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့မလိုက်ကုန်။
၂။ ပရေ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။
၃။ ရိတ္တာ = အနှစ်သာရဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ်ကင်းသော တရားတို့သာတည်း။
၎။ တုစ္ဆာ = ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခဟူသမျှနှင့် မြူစမနီး အချည်းနှီးသော တရားတို့သာတည်း။
၅။ သုညာ = ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသောတရားတို့သာတည်း။
အနတ္တာ = အနတ္တလက္ခဏာ(၅)ပါးတည်း။

အထက်ပါ ဘာဝနာလေးဆယ်သည် ခန္ဓာငါးပါးကို ရွံရှာဖွယ် ကြောက်မက်ဖွယ် စက်ဆုပ်ဖွယ်ဖြစ်ကြောင်း အသွယ်သွယ်၊ အနည်းနည်းဖြင့် တန်ဆာဆင်ဟောကြားထားခြင်းဖြစ်ပါသည်။
အရကျက်မှတ် ပွားများပါက တရားအားထုတ်ရာတွင် အားကြီးသောအထောက်အပံ့အဖြစ် ကျေးဇူးပြုသည်ဟု ဆရာတော်က မိန့်ကြားပါသည်

http://attamyar.blogspot.com/2011/04/blog-post_15.htmlကူးယူဖေါ်ပြပါသည်။

အသုဘ(၁၀)ပါးနှင့် သမထကမ္မဋ္ဌာန်း ( ၄၀ )

ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်နှင့်၊

တစ်ဆယ် နုဿတိ၊ လေးရှိ ပမညာ၊ ဧ သညာတည့်၊

တစ်ဖြာ ဓာတု၊ လေးခု အရူ၊ ပေါင်းရုံးယူ၊

ရေမူ ကမ္မဋ္ဌာန်းလေးဆယ်တည်း ။

ကသိုဏ်း ၁၀ ပါး

အသုဘ ၁၀ ပါး

အနုဿတိ ၁၀ ပါး

အပ္ပမညာ ၄ ပါး

အာဟာရေ ပဋိကူလသညာ ၁ ပါး

စတုဓာတု ၀၀တ္ထာန် ၁ ပါး

အာရုပ္ပ ကမ္မဋ္ဌာန်း ၄ ပါး အားဖြင့် ပေါင်း သမထကမ္မဋ္ဌာန်း လေးဆယ် ဖြစ်၏။


ကသိုဏ်း ( ၁၀ ) ပါး

ဤနေရာ၌ ကသိုဏ်းဆိုသည်မှာ အလုံးစုံကို ခြုံမိအောင် ရှုရသော ကသိုဏ်းဝန်း ကမ္မဋ္ဌာန်းအာရုံ ဟု ဆိုလို သည်။

၁။ ပထ၀ီကသိုဏ်း မြေကသိုဏ်း

၂။ အာပေါကသိုဏ်း ရေကသိုဏ်း

၃။ တေဇောကသိုဏ်း မီးကသိုဏ်း

၎။ ၀ါယောကသိုဏ်း လေကသိုဏ်း

၅။ နီလကသိုဏ်း အညိုရောင်ကသိုဏ်း

၆။ ပီတကသိုဏ်း အ၀ါရောင်ကသိုဏ်း

၇။ လောဟိတကသိုဏ်း အနီရောင်ကသိုဏ်း

၈။ သြဒါတကသိုဏ်း အဖြူရောင်ကသိုဏ်း

၉။ အာလောကကသိုဏ်း အလင်းရောင်ကသိုဏ်း

၁၀။ အာကာသကသိုဏ်း အာကာသဟင်းလင်းပြင်ကသိုဏ်း အားဖြင့် ဆယ်မျိုးရှိလေသည်။


အသုဘ ကမ္မဋ္ဌာန်း ( ၁၀ )ပါး

အသုဘ ဆိုသည်မှာ " မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် " ဟု ဆိုလို၏။

၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊

၂။ ၀ိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက် ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊

၃။ ၀ိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍ ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊

၎။ ၀ိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊

၅။ ၀ိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊

၆။ ၀ိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊

၇။ ဟတ ၀ိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊

၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော စက်ဆုပ်ဖွယ် လူသေကောင်၊

၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊

၁၀ ။အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ် အရိုးကောင်၊ အားဖြင့် ဆယ်မျိုး အပြားရှိလေ၏။


အနုဿတိ ကမ္မဋ္ဌာန်း ( ၁၀ ) ပါး

အနုဿတိ ဆိုသည်မှာ " အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် အောင့်မေ့ခြင်း " ကို ဆိုလိုပေသည်။

၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်များနှင့် ရုပ်သဏ္ဍာန် ပုံတော်ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၂။ ဓမ္မာနုဿတိ = တရားတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၃။ သံဃာ နုဿတိ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၎။ သီလာနုဿတိ = မိမိ စောင့်ထိန်းထားသော သီလတို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၅။ စာဂါ နုဿတိ = မိမိ ပြုခဲ့ဖူးသော ဒါနကုသိုလ်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၆။ ဒေ၀တာ နုဿတိ = နတ် ဗြဟ္မာတို့ ကဲ့သို့ပင် မိမိမှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ်တွေ များစွာ ရှိပေ၏ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၇။ ဥပသမာ နုဿတိ = နိဗ္ဗာန်၏ အေးငြိမ်းသော သဘောကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၈။ မရဏာ နုဿတိ = သေခြင်းသဘောကို သတိ သံဝေဂဥာဏ် အဆင့်သို့ ရသည့်တိုင်အောင် အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၉။ ကာယဂတာသတိ = ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသ အစု ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဇီဝ အတ္တ သတ္တ၀ါ မဟုတ်ကြ၊ ပထ၀ီစသော ဓာတ်သဘောမျှသာ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့် မေ့ခြင်း၊

၁၀။ အာနာပါနဿတိ = ထွက်လေ ၀င်လေကို သတိကပ်ကာ ရှုမှတ်နေခြင်း။

အပ္ပမညာ ကမ္မဋ္ဌာန်း ( ၄ ) ပါး

အပ္ပမညာ အဓိပ္ပါယ်

အပ္ပမညာ ဆိုသည်မှာ " အတိုင်းအရှည် မရှိသော သတ္တ၀ါ ပညတ်ကို အာရုံပြုနေသော တရား " ဟု ဆိုလိုပေသည်။

ဗြဟ္မ၀ိဟာရတရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည် ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် အထက်ပါ အပ္ပမညာ လေးပါးကိုပင် ဗြဟ္မ၀ိဟာရတရား လေးပါး ဟုလည်း ခေါ်တွင်သည်။

ဗြဟ္မစိုရ် တရား ဟူသည်မှာ မေတ္တာစသော ဗြဟ္မစိုရ်တရားလေးပါးကို ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့် ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်သည်။

၁။ မေတ္တာ = သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်းကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု ခေါ်၏။

၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အဂတိမလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။

၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ၀မ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။

၎။ ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တ၀ါကို မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ်ထားသည့် ကုသိုလ် အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ်အလတ် စိတ်သဘောကို ဥပေက္ခာ ဟု ခေါ်အပ်၏။

အာရုပ္ပ ကမ္မဋ္ဌာန်း ( ၄ )ပါး

၁။ အာကာသာနဉ္စာယတနဈာန် = အဆုံးအပိုင်းခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ဖြစ် သောဈာန်။

၂။ ၀ိညာနဉ္စာယတနဈာန် = ပထမ အရူပဈာန်စိတ်၏ အဆုံးအပိုင်းခြား မရှိခြင်းကို အာရုံပြု၍ဖြစ်သောဈာန်။

၃။ အာကိဉ္စညာ ယတနဈာန် = ပထမအရူပဈာန်စိတ်၏ မရှိခြင်း ( နတ္ထိဘောပညတ် ) ကို အာရုံပြု၍ဖြစ်သော ဈာန်။

၎။ နေ၀သညာ နာသညာယတနဈာန် = သညာ၌ အပြစ်မြင်၍ တတိယအရူပဈာန်၏ ငြိမ်သက်ခြင်းသဘော ကို ရှုဆင်ခြင်လျက် ဖြစ်ပေါ်လာသောဈာန်။

စတုဓာတု ၀၀တ္ထာန် ကမ္မဋ္ဌာန်း ( ၁ )ပါး

ပထ၀ီ အာပေါ တေဇော ၀ါယော ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘောကို ပိုင်းခြားထင်ထင်သိမြင်အောင် ပွားများသော ကမ္မဋ္ဌာန်းကို စတုဓာတု ၀၀တ္ထာနကမ္မဋ္ဌာန်း ( ဓာတ်ကမ္မဋ္ဌာန်း ) ဟု ခေါ်တွင်လေသည်။

ပထ၀ီဓာတ် ၏သဘောသည် ခက်မာခြင်း၊ ကြမ်းတမ်းခြင်း၊ နုညံ့ခြင်းသဘော ရှိ၏။

အာပေါဓာတ် ၏သဘောသည် ယိုစီးခြင်း၊ ဖွဲ့စီးခြင်း၊ သိပ်သည်းခြင်း၊ ပူးတွဲခြင်း၊ လုံးခဲခြင်း သဘောတရားများ ရှိ၏။

တေဇောဓာတ် ၏သဘောသည် ပူခြင်း၊ နွေးခြင်း အေးခြင်းသဘောတရားများ ရှိ၏။

ဝါယောဓာတ် ၏သဘောသည် ထောက် ၊ ကန် ၊ တောင့် ၊ တင်း ၊ လှုပ်ရှားခြင်း၊ ရွေ့လျားခြင်း သဘောတရားများရှိ၏။

အာဟာရေ ပဋိကူလ သညာ ကမ္မဋ္ဌာန်း( ၁ )ပါး

စားမျိုအပ်သော အစာ အာဟာရတို့၌ စက်ဆုပ်ဖွယ် အမှတ်သညာဖြစ်အောင် ဆင်ခြင်ပွားများသော ကမ္မဋ္ဌာန်း ကို အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း ဟု ခေါ်တွင်၏။

ဤကမ္မဋ္ဌာန်းကို အားထုတ်လေ့ရှိသော ယောဂီသည် စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဟူသော ကဗဠီကာရာဟာရ ဟုဆိုအပ်သော အစားအသောက် မှန်သမျှကို ဆင်ခြင်ပုံ ( ၁၀ ) မျိုးဖြင့် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် နှလုံးသွင်းရ၏။ ယင်းဆယ်ပါးတို့မှာ --

၁။ သွားခြင်းအားဖြင့် အစားအသောက်တို့ကို ဆင်ခြင်ခြင်း၊

၂။ ရှာမှီးခြင်းအားဖြင့်

၃။ သုံးဆောင်သောအားဖြင့်

၎။ သည်းခြေ စသော တည်ရာ အားဖြင့်

၅။ စု၍တည်ရာ အစာသစ်အိမ်အားဖြင့်

၆။ မကြေ မကျက်သေးသော အားဖြင့်

၇။ ကြေကျက်ပြီးသော အားဖြင့်

၈။ ပြီးစီးသော အကျိုးအားဖြင့်

၉။ ယိုထွက်ခြင်းအားဖြင့်

၁၀။ ပေကျံခြင်းအားဖြင့် ဆင်ခြင် နှလုံးသွင်းရ၏။

ဤဆယ်မျိုးသော ဆင်ခြင်ပုံများကို ၀ိသုဒ္ဓိမဂ် အာဟာရေ ပဋိကူလသညာ အခန်း၌၄င်း၊ ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပ ဘေဒနီကျမ်း ( ဒု၊ ၃၇၂ - ၆ ) ၌၄င်း အကျယ် လေ့လာနိင်ပါသေးသည်။ ဤသို့အားဖြင့် ၀ိပဿနာသို့ မရောက်ခင် သမထကမ္မဋ္ဌာန်းပေါင်း ( ၄၀ ) အရေအတွက် ရှိလေ၏။ ကမ္မဋ္ဌာန်းလေးဆယ် ရှုမှတ်ပွားများပုံနှင့် ၀ိပဿနာတက်ပုံများကို ဥာဏ်စဉ်များနှင့် ကိုယ်ကျင့်သတိပဋ္ဌာန် ခေါင်းစဉ် ဆောင်းပါးဖြင့် ဆက်လက် ဖော်ပြပါအုံးမည်။

မေတ္တာဖြင့် --

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

ကမ္မဋ္ဌာန်းလေးဆယ်ကို ပညတ်+ပရမတ် ခွဲခြားပုံ

ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်တည်း၊

တစ်သွယ် ကောဋ္ဌာ၊ အာနာပါန၊

ဗြဟ္မ၀ိဟာ ၊ ဤလေးဖြာနှင့်၊

နှစ်ဖြာ အာရုပ္ပ၊ ပ နှင့် တ ဟု၊

ပေါင်းစု ရေလစ်၊ နှစ်ဆယ့်ရှစ်သည်၊

မှတ်လစ် ပညတ် အာရုံတည်း။

ကသိုဏ်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကောဋ္ဌာသ ၁ ပါး၊ အာနာပါန ၁ ပါး၊ ဗြဟ္မ၀ိဟာရတရား ၄ ပါးမှ အာကာသာနဉ္စာယတန နှင့် အာကိဉ္စညာယတန ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၂၈ ပါးသည် ပညတ်အာရုံဖြစ်ကြ၏


ကာယဂတာ၊ အာနာပါကို၊

ချန်ကာထားဘိ၊ နှုဿတိ ရှစ်ဖြာ၊

အာဟာရာ ဟု၊ ဓာတု ၀၀တ္ထာန်၊

နှစ်တန် အာရုပ္ပ၊ ဒု နှင့် စ ဟု၊

ပေါင်းစု ရေလစ်၊ တစ်ဆယ့်နှစ်သည်၊

မှတ်လစ် ပရမတ် အာရုံတည်း။

ကာယဂတာသတိ နှင့် အာနာပါန ကို ချန်ထားသော အနုဿတိ ၈ ပါး၊ အာဟာရေ ပဋိကူလသညာ ၁ ပါး၊ စတုဓာတု ၀၀တ္ထာန် ၁ ပါး၊ ကြွင်းသော အရူပဈာန် ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၁၂ ပါးသည် ပရမတ်များ ဖြစ်ကြ၏

ဥပစာရ ကမ္မဋ္ဌာန်း နှင့် အပ္ပနာ ကမ္မဋ္ဌာန်း

ကာယဂတာ၊ အာနာပါကို၊ ချန်ကာထား၍၊ ကြွင်းငြား ရှစ်ရှိ၊ နုဿတိနှင့်၊ ပဋိကူလံ၊ ၀၀တ္ထာန်ဟု၊ ဆယ်တန်ပွားက၊ ဥပစာရ၊ မုချ ရနိင်သည်။

ကြွင်းသုံးဆယ်မှာ၊ အပ္ပနာ ၊ မှန်စွာ ရနိုင်သည်။

( ၀ိသုဒ္ဓိ၊ ၁ ၊ ၁၀၇ )

ဈာန်ဖြင့် ဝေဖန်ခြင်း

ကသိုဏ်းဆယ်ဖြာ၊ အာနာပါ၊ လေးဖြာ ဈာန်ရသည်။

ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် သုံးပါး ရသော/ မရသော ကမ္မဋ္ဌာန်းများ

ကသိုဏ်းဆယ်ဖြာ၊ အသုဘာတည့်၊ အာနာပါန၊ ကာယကို ချန်၊ ကျန် နုဿတိ၊ ပွားများဘိ၊ ပဋိဘာဂ၊ ရနိုင်သည်။

ကြွင်းဆယ့်ရှစ်မှာ၊ ပဋိဘာ၊ ဘယ်ခါ မရပြီ။

ပရိကမ္မ၊ ဥဂ္ဂဟ မရ မရှိပြီ။


( ၀ိသုဒ္ဓိ ၊ ၁ ၊ ၁၀၉ )